ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇူလိုင်လ ၂၄ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ထုတ်ပြန်သည်။
နံဇကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီး အင်အား ၄၀၀ ဝန်းကျင်မှာ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ဝင်ရောက်လာခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်အပါ အဝင်တပ်သား ၃၃ ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး တပ်ရင်းမှူး အပါအဝင် ၄၈ ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်တပ်သား ရှစ် ဦးမှာ တောင်ငူဆေးရုံတွင် သေဆုံး ခဲ့ကြောင်း သိရသည်။
“ထိတွေ့မှုဖြစ်တဲ့နေရာမှာ အလောင်းတွေပုံနေတာတောင် ပုံမှန်လူသားအနေနဲ့ မဟုတ်ဘဲ တခုခုသုံးစွဲထားပြီး သေမှန်းသိသိကြီးနဲ့ အလောင်းပေါ်နင်းတက်လာတာတွေ ရှိတယ်။ စစ်ကောင်စီအနေနဲ့အောက်ခြေ ရဲဘော်တွေအပေါ် ဘယ်လိုအသုံးချနေတာ၊ ဘယ်လို တန်ဖိုးမထားတာတွေကို အထင်အရှားမြင်လာရတဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေအနေနဲ့ အလေးအနက် စဉ်းစားကြဖို့ ထောက်ပြချင်ပါတယ်။ ပြည်သူကိုသတ် ပြည်သူ့ပစ္စည်းကိုခိုး ပြည်သူ့အိုးအိမ်တွေ မီးရှို့ဖျက်ဆီးပြီးမှ ပြည်သူ့အတွက် တိုက်နေပါ တယ်ဆိုတာက လက်တွေ့မှမကျဘဲ” ဟု ရိုးမစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ဧရာဝတီတိုင်းကို ပြောသည်။
ထိတွေ့ တိုက်ပွဲအတွင်း KNLA၊ PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး အသက်ပေးခဲ့ရပြီး ရိုးမစစ်ကြောင်း(၂)မှ ရဲဘော်တစ်ဦး ဘယ်ဖက်လက်သူကြွယ်ပြတ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ရိုးမစစ်ကြောင်း(၂)၊ တပ်ခွဲ-၂မှ စစ်ကောင်စီဘက်က ခဲယမ်းလက်နက် စက်လက် ပြောင်းတစ်ခု၊ ၅.၅၆ကျည် ၄,၈၀၀ တောင့်၊ ၄၀-မမဗုံးသီး ၃၆လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းတွင် နံဇရွာကို မီးရှို့ခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူအပါအဝင် ဒေသခံအမျိုးသား သုံးဦးကို သတ်ဖြတ်ခဲ့သည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#ကျောက်တံခါး #နံဇရွာ #တိုက်ပွဲ #PDF #KNLA #ရိုးမစစ်ကြောင်း၂ #စစ်ကောင်စီတပ်သား #၄၁ဦးသေဆုံး #Ayeyarwaddy_Times