ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၄ ရက်

တနင်္သာရီ တိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ကျောက်နီမော်ရွာတွင် ဆက်ကြေးကောက်နေသော ပျူစောထီးကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

ဇူလိုင်လ ၁၉ ရက် နံနက် ၅ နာရီခန့်က ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက် သည့် ရဲချောင်းကင်းစခန်းနှင့်ကပ်လျှက်ရှိသော ပျူစောထီးနေအိမ် တစ်လုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင် ဆက်ကြေးကောက်နေတဲ့ ပျူစောထီး ကင်းစခန်းကိုဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်။အဲဒီကင်းစခန်းမှာက ကင်းစောင့်ဖို့ အတွက် ပျူ စောထီးနှစ်ဦးကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ ပျူစောထီး နှစ်ဦးကို ကျနော်တို့လိုချင်တဲ့ အချက်အလက်တွေမေးပြီး ပစ်ခတ်ရှင်းလင်းလိုက်တယ်”ဟု လောင်းလုံ ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကင်းစခန်းကို သိမ်းပိုက်ပြီးနောက် စခန်းအတွင်းကိုအဝေးထိန်းမိုင်း ငါးလုံးချထား၍ဆုတ်ခွာခဲ့ပြီးနောက် နံနက် ၉နာရီ ၃၀မိနစ်ခန့်အချိန်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ငါးဦး ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ သုံးဦး သေဆုံးသွားကြောင်းသိရသည်။

ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်သား ၃၀ကျော်လိုက်ပါလာသည့် စက်လှေတစ်စီးသည် ကျော်နီမော်ကျေးရွာမှ အထွက် ကျောက်နီမော် – သကျက်တော အကြားရှိ တစ်နေရာတွင် တိမ်းမှောက်ခဲ့ပြီးနောက် ကျောက်နီမော်ရွာ ပျူစောထီးများ ကယ်ဆယ်ရေးနှင့် အလောင်းဆယ်ယူရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ ၊ LLPDF
#ကျောက်နီမော်ရွာ #ပျူစောထီးကင်းစခန်း #လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ် #ဝင်တိုက်ခိုက် # ၅ဦးသေဆုံး
#Ayeyarwaddy_Times