ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၄ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသည့် လက်ခတ်တောင် တာဝါတိုင်ခံတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းအဖွဲ့များက ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ၏ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့သည် တပ်ဖွဲ့၀င်များကိုထား၍ တပ်ရင်းသို့ပြန်လည် ထွက်ပြေးလာသည့် အတွက် စစ်ကောင် စီက ဖမ်းဆီးအချုပ်ချထားကြောင်း သိရသည်။
အဆိုပါ လက်ခတ်တောင်တိုက်ပွဲတွင် ဆုတ်မိန့်မရဘဲ တပ်ဆုတ်ပြေးခဲ့သည့် ကျိုက်ထို အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခလရ (၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ကို အမိန့်ဖီဆန်သဖြင့် ကျိုက်ထိုအကျဉ်းထောင်တွင် ဖမ်း ဆီးထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ဆုတ်မိန့်မရဘဲ တပ်ဆုတ်ပြီးပြန်လာတာ။ ရဲဘော် အချို့ကို တိုက်ပွဲထဲမှာ ထားခဲ့ပြီး မတိုက်ဘဲပြန်လာတာပေါ့။ ပြန်လာလို့ တပ်မမှူးနဲ့ စကားများတယ်။ ခုကျိုက်ထို ထောင်မှာ ချုပ်ထားတယ်။ လက်ခတ်တောင်စခန်းကုန်းကိုပြန်ရဖို့အတွက် တပ်ကနောက်ချန်အင် အားထပ်လွှတ်ထားတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ် တဲ့ အချိန်ပိုင်းမှာပဲ စခန်းကိုထားခဲ့ပြီး ပြန်လာလို့ အထက်က အရမ်းကို ဒေါသထွက်နေတယ်”ဟု တပ်တွင်းသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ခတ်တောင် စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် စခန်းကိုသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ် ပြန်ထားသည်။
အဆိုပါ စခန်းကုန်းသည် စစ်ကောင်စီတပ်မှ ခြေမြန်တပ်ရင်း ခမရ(၂)နှင့် ခမရ(၁၁၈) တပ်ရင်းနှစ်ရင်းမှ အင်အား ၆၀ ကျော်ဖြင့် တပ်စွဲထားသည့် စခန်းကုန်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး ထွက်ပြေးသွားသူများလည်း ရှိကြောင်း ကော်ဘရာစစ်ကြောင်းထံက သိရသည်။
ခလရ (၂) တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့သည် တိုက်ပွဲ ဖြစ်ပွားချိန် နာရီပိုင်းအတွင်း၌ပင် တပ်ဖွဲ့၀င်များကို ချန်ထားရစ်ကာ ထွက်ပြေးခဲ့သည့်အတွက် ၎င်းတို့ကို ဇူလိုင် ၂၁ ရက်နေ့တွင် ဖမ်းဆီးချုပ် နှောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်အတွင်း၌ အောက်ခြေရဲဘော်များနှင့် အရာရှိပိုင်းများ ဖြစ်သည့် တပ်ရင်းမှူးများကပါ အာဏာဖီဆန်၊ အမိန့်မနာခံမှုများရှိနေ၍ စစ်ကောင်စီသည် ထိပ်ပိုင်းအရာရှိ တိုင်းမှူးများကိုပါ နေရာအရွှေ့အပြောင်းများ ပြုလုပ်၍ ထိန်းချုပ်နေရ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ဓာတ်ပုံ-တပ်မဟာ (၆)၊ KNLA – ကော်ဘရာစစ်ကြောင်း
ပုံစာ-ဓာတ်ပုံ− စစ်ကောင်စီတပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ နှင့် KNLA – ကော်ဘရာ စစ်ကြောင်း
#ကရင်ပြည်နယ် #မြ၀တီ #လက်ခတ်တောင်စခန်းကုန်း #စစ်ကောင်စီ #တပ်ရင်းမှူးဒုတပ်ရင်းမှူး #ထွက်ပြေး #ဖမ်းဆီးခံရ #Ayeyarwaddy_Times