ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဇူလိုင်လ ၂၄ ရက်နေ့

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၃၀) တပ်ရင်းကို ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ပဲခူးခရိုင် PDF တပ်ရင်း(၃၇၀၁) ၊ တပ်ခွဲ-၅ နှင့် Daik-U Defense Force (DDF) တို့ပူးပေါင်း၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပျဉ်ပုံကြီးတပ် ခေါ် ခလရ ၃၀ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၀၇- မမ ရှော့တိုက်ဒုံး နှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ခလရ ၃၀ တပ်ရင်း၏ ကင်းဂိတ်နှင့် အဆောင်များကြား ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ထောင်က အကျဉ်းသားတွေကို အဲ့ဒီတပ်(ခလရ-၃၀)မှာ စစ်ကြောရေး လုပ်တာ။ နောက် ဒိုက်ဦး(ကျိုက်စကော)အကျဉ်းထောင်က ရဲဘော်တွေကို သတ်တဲ့တပ်ပေါ့။ ညက ရှော့တိုက်ဒုံးကွဲပြီး တစ်နာရီလောက်အကြာမှာ ခလရ-၃၀ တပ်ထဲက တပ်သားတွေက တွေ့ကရာကို သေနတ်တွေနဲ့ အတွဲလိုက်လိုက်ပစ်နေတယ်လို့ သိရတယ်” ဟု စစ်ဒေသခွဲ ၂၊ တောင်ပိုင်း သတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခလရ-၃၀ တပ်ရင်းသည် ကျိုက်စကော(ဒိုက်ဦး)အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများကို ထောင်တွင်းမှ ခေါ်ထုတ်ကာ နှိပ်စက်ညှင်းပန်းခြင်းများ၊ သတ်ဖြတ်ခြင်းများကို ကျူး‌လွန်နေသည့် အဓိကတပ်ရင်းတစ်ခုဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က အဆိုပါ ခလရ-၃၀ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သည့် တပ်သား ၄၀ ဝန်းကျင်မှာ တပ်တွင်းမှ ထွက်ပြေးသွားခဲ့ပြီး သုံးဦးကို ဦးကိုပြန်လည် ဖမ်းဆီးရမိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – ကျိုက်စကော(ဒိုက်ဦး)အကျဉ်းထောင်ပုံ

#ဒိုက်ဦး #ခလရ၃၀ #ကျိုက်စကောထောင် #၁၀၇မမ #ရှော့တိုက်ဒုံး #PDF #DDF #Ayeyarwaddy_Times