ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့က Mytel တာဝါတိုင်စက်အတွက် ဆီလာဖြည့်သည့် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သစ်ရောင်ကျေးရွာရှိ Mytel တာဝါတိုင်အား ဆီလာဖြည့်ဖို့အတွက် ဝန်ထမ်း ၄ ဦးနဲ့ ဒေသခံ ၃ ဦးလိုက်ပါလာသည့် စက်လှေသည် တောင်‌ကျရေစီးနဲ့အတူပါပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” အဲ့နေ့က မိုးကလည်းရွာနေတော့ တောင်ကျရေနဲ့ တိုးသွားတာ၊ ၁ ဦးတော့ ရေစီးနဲ့ပါသွားတယ်၊ ကျန်တဲ့ လူတွေတော့ဘာမှမဖြစ်ဘူး။ ဆီပေပါတွေတော့ အကုန်ပြန်မရဘူးကြားတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

စက်လှေတိမ်းမှောက်ပြီးနောက်ပိုင်းတွင် စက်လှေပေါ်ပါလာသူ ၆ ဦးကို အသက်ရှင်လျက်ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း ၁ ဦးမှာပျောက်ဆုံးနေကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ပျောက်ဆုံးနေသူမှာ Mytel တာဝါတိုင်ဆီဖြည့်လာသည့် ဝန်ထမ်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
#ငရုတ်ကောင်းမြို့ #Mytel #တာဝါတိုင် #စက်လှေတိမ်းမှောက် #Ayeyarwaddy_Times