ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်

အတိုက်အခံတွေကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တယ်လို့ ကမ္ဘောဒီးယား အာဏာရပါတီက ဇူလိုင်လ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

အသက် ၇၀ နှစ်အရွယ် ဟွန်ဆမ်က ၁၉၈၅ ခုနှစ်နောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချူပ်ခဲ့ပြီး အ တိုက်အခံတွေကို ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ကာ စိန်ခေါ်သူ ကိုယ်စားလှယ်လောင်းတွေကို ပြည်ပသို့ ထွက်ပြေးစေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ဖိနှိပ်မှုကြောင့် ယခုအကြိမ် ရွေးကောက်ပွဲမှာ ပြိုင်ဘက် မရှိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဏာရ CPP က အောက်လွှတ်တော် အမတ်နေရာ ၁၂၅ နေရာစလုံးမှာ အနိုင်ရရှိခဲ့ပြီး အာဏာကို ဆက်ချုပ်ကိုင်ကာ မြောက်ကိုရီးယားပုံစံ အာဏာဆက်ခံမှုကျင့်သုံးဖို့ လမ်းဖွင့်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပေမယ့် အမတ်နေရာအရေအတွက်ကို မရေတွက်ရသေးပါ ဘူး” လို့ CPP ပြောရေးဆိုခွင့်ရှိသူ ဆော့ခ်အိုင်ဆန်က ပြောပါတယ်။

ကမ္ဘောဒီးယားပြည်တွင်းစစ်အပြီး ၁၉၉၃ ခုနှစ်မှာ ကုလသမဂ္ဂက ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ် ပေးပြီးနောက် ခုနှစ်ကြိမ်မြောက်ဖြစ်တဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ပြည်သူ ၉ ဒသမ ၇ သန်း ဆန္ဒမဲပေးဖို့ မှတ်ပုံတင်ခဲ့ ကြပါတယ်။

လာမည့်သီတင်းပတ်အနည်းငယ်အတွင်း သားဖြစ်သူ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီး ဟွမ်မာနက်သို့ အာဏာလွှဲပြောင်းပေးမယ်လို့ ကမ္ဘောဒီးယား သက်တော်ရှည်အာဏာရှင် ဟွန်ဆမ်က ပြောပါတယ်။

အမေရိကန်နဲ့ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားခဲ့တဲ့ ဟွမ်မာနက်က ကမ္ဘောဒီးယားနိုင်ငံကို အပြောင်းအလဲ ပြုလုပ်ပေးနိုင်ခြင်း ရှိ မရှိ အားလုံးက စောင့်ကြည့်နေကြပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာရင် ကမ္ဘောဒီးယားနိုင်ငံအတွက် ဘာတွေလုပ်ဖို့ စီစဉ်ထားလဲလို့ AFP သတင်းဌာနက မေးမြန်းရာမှာ “ဒီအပေါ်မှာ ကျွန်တော် မှတ်ချက်ပေးဖို့ မရှိပါဘူး” လို့ ဟွမ်မာနက်က ဖြေကြားခဲ့ပါတယ်။

အတိုက်အခံတွေကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်ပြီး ရွေးကောက်ပွဲသပိတ်မှောက်သူတွေကို ဖမ်းဆီးထောင်ချကာ ဒဏ်ရိုက်မယ်လို့ ကမ္ဘောဒီးယားအစိုးရက ခြိမ်းခြောက်ခဲ့တာကြောင့် ရွေးကောက်ပွဲကို လူ့အခွင့်အရေးအဖွဲ့တေွက ရှုတ်ချခဲ့ပါတယ်။

ကိုးကား – AFP
Ref; Cambodia’s ruling party claims ‘landslide’ election victory

#Ayeyarwaddy_Times