ဧရာဝတီတိုင်းမ်
ကျုံပျော် ၊ ဇူလိုင်လ ၂၃ ရက်
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင်လူငယ်အမျိုးသား ၂၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က အကြောင်းပြ ဖမ်းဆီးကာ စစ်သင်တန်းပေးနေပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်
ထားကြောင်း ဒေသခံများထံကသိရသည်။
ကျုံပျော်မြို့နယ် အင်းရဲတိုက်နယ်ကျေးရွာ၌ဒေသခံလူငယ်( ၂၀)ဦးကို စစ်ကောင်စီတပ်နှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှဖမ်းဆီး၍ပေါ်တာဆွဲပြုလုပ်ခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ခလရ(၃၆)တပ်အတွင်း၌စစ်သင်တန်းပေးစေခိုင်းနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
” အင်းရဲက လူငယ်နှစ်ဆယ်လောက်ကိုရပ်ကျေးအုပ်ကြီးနဲ့ မြို့နယ်ကောင်စီဥက္ကဌပေါင်းပြီးတော့ပေါ်တာဆွဲလာတာ။ ခလရ(၃၆)ထဲမှာသင်တန်းပေးနေတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့စစ်သင်တန်း အတင်းအကျပ်ပေးခံနေရသည့် လူငယ်များကို စစ်သင်တန်းတက်သည့်အတွက် တစ်ရက်လျှင်ကျပ်ငွေ ၇၀၀၀ မိသားစုကို ထောက်ပံ့ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။
” ပေါ်တာအဆွဲခံရတဲ့လူငယ်လေးတွေကို စစ်သင်တန်းတက်ရင်အိမ်ကိုတနေ့၇၀၀၀ ပေးမယ်။ ဘာအမှုမှမဖြစ်စေရဘူးဆိုပြီးတော့တပ်ထဲအတင်းထည့်ပေးတာ။ ခလရ(၃၆)တပ်ရင်းမှူးနဲ့ပေါင်းလုပ်တာ။ မိသားစုနဲ့ အဆက်အသွယ်မရလို့ မေးပေးမှ တပ်ထဲရောက်နေတယ်သိရတယ်” ဟု အင်းရဲတိုက်နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်သင်တန်းပေးခံရသည့် လူငယ်များမှာ ကျေးရွာအတွင်း ဧည့်စာရင်းစစ်ဆေးနေစဥ် တော်လှန်ရေး အဖွဲ့များ နှင့်ဆက်သွယ်သည်ဟုအကြောင်းပြ ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များထံက သိရသည်။
” အိမ်ကိုဧည့်စာရင်းလာစစ်ရင်းနဲ့သားအကြီးကောင်ကိုဖမ်းခေါ်သွားတာ။အဆက်အသွယ်မရလို့ လိုက်စုံစမ်းမှ တပ်ထဲမှာစစ်သင်တန်းတက်နေရတယ်လို့ပြန်သိရတယ်။ အခုထိသူတို့ဘာတွေဖြစ်နေလဲမသိရဘူး” ဟု စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံထားရသူ တစ်ဦး၏ မိသားစုဝင်ကပြောသည်။
ကျုံပျော်မြို့နယ်တွင်ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်ကစပြီး အင်းရဲ၊ အင်းမ၊ သရက်ချိုနှင့် ပျဉ်းကတိုးကုန်းစသည့်ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးအဖွဲ့များမှဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ဒေသခံ လူငယ်များကို စစ်ကောင်စီတပ်အတွင်းသို့ အင်အားဖြည့်တင်းရန် တပ်သားစုဆောင်းနေကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
#ကျုံပျော် #လူငယ်များကို #အကြောင်းအမျိုးမျိုးပြ #ဖိအားပေး #စစ်သင်တန်းတက်ခိုင်း #Ayeyarwaddy_Times