ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၂၃ ရက်)

“We’re Not Waiting – ငါတို့ စောင့်နေဖို့ မလိုဘူး ”
ဒီစာစုလေးဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မှာကျရောက်မယ့် ကမ္ဘာ့အသည်းရောင် အသားဝါနေ့ (World Hepatitis Day) အတွက် ကြွေးကြော်သံ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါရောဂါဆိုတာ အစောပိုင်း ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ ရောဂါ လက္ခဏာ‌တွေ ပေါ်လာပြီ ၊ ရောဂါလက္ခဏာပြလာပြီးဆိုရင်တော့ ပျောက်ကင်း အောင် ကုသဖို့အတွက် အချိန် နောက်ကျ‌နေပြီ ဖြစ်ပါတယ်။

အသည်းရောဂါရှိ၊မရှိကို စစ်ဆေးကုသကာကွယ်ဖို့အတွက် အချိန်မဆွဲပါနဲ့ ။စော‌စောစီးစီး လက်ဦးမှုရယူပါ။ ရောဂါကို စောင့်နေ့ဖို့မလိုပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့အသည်းကို ဂရုစိုက်ပါ။ အသည်းလေး ကျန်းမာပါစေ။

#အသည်းရောဂါများ(Liver Diseases)

ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် အသည်း လိုအပ်ပါတယ်။ အသည်း ဟာ ခန္ဓာကိုယ်ရဲ့ ရိက္ခာသိုလှောင်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အသည်းက ထုတ်လုပ်ပေးနေတဲ့ ဓာတ်ပစ္စည်းတွေကြောင့်သာ လူတွေ ကျန်းကျန်းမာမာနေထိုင်နိုင်ကြတာပါ။

မြန်မာနိုင်ငံမှာ အသည်းကင်ဆာခံစားနေရသူ လူနာအသစ် ၅,၀၀၀ ကျော် နှစ်စဉ် တိုးနေပါတယ်။ အရင်းစစ်လိုက်တဲ့အခါ အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုး ၊ အရက်ရေရှည် သောက်သုံးတာတွေနဲ့ အဝလွန်တာတွေကြောင့်ဖြစ်ရတာပါ။

အသည်းရောဂါ လက္ခဏာအနေနဲ့ အသည်းရောင်တာတွေ စဖြစ်မယ်။ ပြီးတာနဲ့ အသည်းခြောက် အသည်းကြွပ်ဆတ်လာပြီး ဒါကို သေချာ မထိန်းသိမ်းမကုသခဲ့ဘူးဆိုရင် အသည်း ကင်ဆာ အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း စောစောစီးစီး ကုသဖို့ လိုအပ်ပါတယ်။

#အသည်းရောင်အသားဝါရောဂါ (Hepatitis)

အသည်းရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်တဲ့အခါ သူ့အလိုလို ပြန်ကောင်းနိုင် ချေရှိပေမယ့် နောက်ထပ် အသည်းမှာအနာရွတ်ဖြစ်ခြင်း၊ အသည်းခြောက် အသည်းကြွပ်ဆက်ခြင်း တွေအပြင် အဆိုးဆုံး အသည်းကင်ဆာအထိ ပြောင်းသွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသည်းရောင်တာကို ပေါ့ဆလို့မရဘူးလို့ အသိပေးပါရစေ။

အသည်းရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ အဖြစ်များဆုံး အကြောင်းရင်းက အသည်း ရောင်အသားဝါ ဗိုင်းရပ်စ်ပိုးနဲ့ အခြားရောဂါပိုးတွေ၊ အသည်း အဆိပ် အတောက်ကို ဖြစ်စေတဲ့ အရက်နဲ့ ဆေးဝါးတွေအပြင် ခန္ဓာကိုယ် ခုခံအားလွန် တုံ့ပြန်ရောဂါ (Autoimmune diseases) တွေကြောင့် ဖြစ်ပါတယ်။

#အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး၅မျိုး

အသည်းရောင်အသားဝါပိုး အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဆိုပြီး ငါး မျိုး ရှိပါတယ်။ အဲ့ဒီအထဲမှာမှ အားလုံးက အသည်းရောင် အသားဝါဘီပိုး နဲ့ စီပိုးကို ပိုသိကြပါတယ်။ ဘီပိုးနဲ့စီပိုးဟာ ကူးစက်ခံ လူနာတွေမှာ နာတာရှည်ရောဂါအဖြစ် နောက်ဆက်တွဲ အသည်းခြောက်ခြင်းနဲ့ အသည်း ကင်ဆာကို အဖြစ် များစေလို့ပါပဲ။

#အသည်းရောင်အသားဝါရောဂါအေပိုးနှင့်အီးပိုး(Hepatitis virus – HAV – HEV)

အသည်းရောင်အသားဝါ အေပိုး နဲ့ အီးပိုး ကတော့ အစားအစာကနေတဆင့် ၊ ရေကနေ တဆင့် ကူးစက်မှု ဖြစ်တတ်ပါတယ်။ မဖြစ်မနေ စားသုံး ၊ သုံးစွဲရတဲ့ အစားအစာနဲ့ ရေကနေ ဖြစ်တတ်တာမို့ ကပ်ရောဂါအသွင် အစုလိုက် အပြုံလိုက် အသားဝါတာမျိုး ဖြစ်တတ်ကြပါတယ်။

အသည်းရောင်အသားဝါ အေပိုး နဲ့ အီးပိုး ကူးစက်ခံရပြီဆိုရင် အသားဝါ မျက်စိဝါခြင်း ၊ ဖျာခြင်း၊ ပင်ပန်းနွမ်းနယ်ပြီးနုန်း‌နေခြင်း၊ အစားပျက်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ အရောင်ရင့် ဆီးသွားခြင်း ဝမ်းပျက်ခြင်းလက္ခဏာတွေပြနိုင်ပါတယ်။ များသောအားဖြင့် ရောဂါပြင်းထန်လေ့မရှိပါ။

ရောဂါပြင်းထန်ပြီဆိုရင်လည်း အသည်းကို ထိခိုက်သွားပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် နိုင်ပါတယ်။

တစ်ကိုယ်ရေးသန့်ရှင်းရေး အစားနှင့်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးခြင်း ၊ကာကွယ် ဆေးထိုးနှံခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

#အသည်းရောင်အသားဝါရောဂါဘီပိုး၊ စီပိုးနှင့်ဒီပိုး(Hepatitis virus – HBV – HCV -HDV)

အသည်းရောင်အသားဝါ ရောဂါ ဘီပိုး ၊ စီပိုး နှင့် ဒီပိုး တွေကတော့ ရောဂါပိုးရှိသူ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်တွေကနေ ကူးစက်ပါတယ်။ သွေးသွင်းခြင်း၊ ပိုးသတ် မထားတဲ့ ကိရိယာတွေကို အသုံးပြုပြီး ခွဲစိတ်ခြင်း၊ ဆေးအပ်ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲခြင်း၊ မွေးဖွားစဥ်မိခင်မှကလေးကိုကူးစက်ခြင်း၊ လိင်တူ ၊ လိင်ကွဲ လိင်ဆက်ဆံ ခြင်းတွေကနေ ကူးစက်နိုင်ပါတယ်။

ရောဂါပိုး ကူးစက်ခံရသူ လူနာများကို ပြုစုစဉ် မတော်တဆအပ်စူးမိခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများ ပိုးကူးစက်ခံရမည့် အန္တရာယ်ရှိတာမို့ လုပ်ငန်းခွင်အန္တရာယ် အနေနဲ့ သတိပြုရမယ်။

အသည်းရောင်ခြင်းကြောင့် အသားဝါခြင်း၊ အရေပြားနှင့် မျက်လုံးဝါခြင်း၊အရောင်ရင့် ဆီးသွားခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်း အန်ခြင်း ဗိုက်နာခြင်း လို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အသည်းရောင်အသည်းဝါဗိုင်းရပ်စ်ပိုးတွေကြောင့် နာတာရှည် အသည်းရောဂါများနှင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားမှုက ကြောက်ခမန်းလိလိ ဆိုးရွားလှပါတယ်။

-HBV ဘီပိုးကို ကာကွယ်ဖို့အတွက် ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးများ ရှိပါတယ်။
-HCV စီရောဂါပိုးအတွက် ကာကွယ်ဆေး မရှိပါဘူး။
-HDV အသည်းရောင်အသားဝါ ဒီပိုး ကူးစက်ခံရမှုကို ဘီပိုးကာကွယ်ဆေးက ကာကွယ် ပေးနိုင်ပါတယ်။
ရောဂါ ကူးစက်နိုင်တဲ့ နည်းတွေကိုလည်း သိရှိပြီမို့ ရှောင်ကြဉ်ရပါမယ်။
#အရက်ကြောင့်ဖြစ်သောအသည်းရောင်အသားဝါရောဂါ (Alcoholic Hepatitis)

အမျိုးသားတွေက အရက်ကြိုက်ကြပါတယ်။ အရက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသည်းရောဂါ အဖြစ်များဆုံး ကလည်း အမျိုးသားတွေပဲ ဖြစ်ပါတယ်။

အရက်ကိုနှစ်ရှည်လများသောက်တဲ့အခါမှာ..
အရက်ကြောင့် အသည်းလုပ်ငန်းဆောင်တာတွေပျက်စီးရပါတယ်။ အသည်းအတွင်းမှာ ရှိတဲ့သွေးကြောများဖောင်းလာခြင်း၊ အစာရေမြိုပြွန်နှင့် အစာအိမ်သွေးကြောများဖောင်း ခြင်းတို့မှတဆင့် သွေးအန်ခြင်း ၊ ဝမ်းမည်းမည်းသွားခြင်း၊ ဝမ်းဗိုက်တွင် ရေဖျဉ်းစွဲ၍ ဗိုက်ပူခြင်း၊ ဝမ်းဗိုက် ခြေထောက်လက်ထောက် သွေးကြောများ ဖောင်းကားခြင်း၊ ခြေထောက်ဖောရောင်ခြင်း နဲ့ အသည်းပျက်စီး၍ ဦး‌နှောက်ထိခိုက်ပျက်စီးခြင်းတို့လို နောက်ဆက်တွဲတွေ ကြုံရတတ်ပါတယ်။

အဆိုးဆုံးအနေနဲ့ အသည်းကင်ဆာအထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့် အရက်ကိုအလွန်အကျွံသောက်ခြင်းနဲ့နှစ်ရှည်လများစွဲသောက်ခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ ကျန်းမာရေးထိခိုက်လာရင်တော့ အရက်ကိုဖြတ်ပစ်ဖို့ကြိုးစား ရပါမယ်။

အသည်းရောဂါသည်များအတွက် စောလျင်စွာသိရှိပြီး စနစ်တကျ သေချာကု သမှုခံ ယူမယ်ဆိုရင်တော့ အသည်းကို လက်ရှိ အနေအထားကနေ ပိုမိုပြီး မဆိုးဝါးစေဖို့ ထိန်းထားနိုင်ပါတယ်။ ဆိုးဝါးမှုကို နှေးအောင် ပြုလုပ်နိုင်ပါတယ်။ အဲ့ဒါတွေအပြင် သွေးစစ်ခြင်း ၊ အယ်ထွာဆောင်း(USG)ရိုက်ခြင်းတွေ ပုံမှန်ပြုလုပ်ပြီး အသည်း ကင်ဆာဖြစ်မဖြစ် စောင့်ကြည့်လို့ ရပါတယ်။

အသည်းကင်ဆာ လူနာတွေအနေနဲ့ အသည်းအားနည်းခြင်း(Chronic liver insufficiency)၊ အသည်းကြွတ်ခြင်း(Cirrhosis of Liver)နဲ့ ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ကိုလည်း တွဲပြီးတော့ ခံစားရနိုင်ပါတယ်။ အသားဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်း၊ ၀မ်းမည်းမည်းသွားခြင်းနဲ့ သတိမမှန်ခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

အသည်းကင်ဆာဖြစ်ရင် ကုသဖို့အတွက် နည်းလမ်းမျိုးစုံရှိပါတယ်။ လူနာအခြေ အနေနဲ့ ကင်ဆာအဆင့်တွေကိုတွက်ချက်ပြီး စောစောသိမယ်ဆိုရင် ခွဲစိတ်စရာမလိုဘဲ ကုသခြင်း ၊ မှန်ပြောင်းအသုံးပြုခွဲစိတ်ခြင်း ၊ ဝမ်းဗိုက်ခွဲစိတ်ခြင်းတွေနဲ့ ကုသနိုင်ပါတယ်။ အသည်း အစားထိုး ကုသရခြင်းမျိုးတွေကိုလည်း လုပ်နိုင်နေပါပြီ။

ကင်ဆာအကျိတ်ကြီးမားပြီး ခွဲစိတ်ဖို့မဖြစ်နိုင်တော့တဲ့အခါ ကင်ဆာကိုရောက်မယ့် သွေးကြောကို ပိတ်ဆို့တဲ့ အသည်းသွေးကြောပိတ်ကုသခြင်း (TACE) နည်းနဲ့ ကင်ဆာအကျိတ်သွေးငတ်ပြီး သေးငယ်ကျုံ့သွားစေဖို့ ကုသနိုင်ပါပြီ။

အသည်းလေး ကျန်းမာစေဖို့ ရောဂါအကြောင်းအရာတွေကို သိရှိပြီမို့ Ayeyarwaddy Times Times သတင်းစာမျက်နှာကို ဖတ်ရှုနေတဲ့ပရိတ်သတ်တွေအနေနဲ့လည်း အသည်း‌ရောဂါ ဝေဒနာ များမှ ကင်းဝေးကြပါစေလို့ တောင်းပေးလိုက်ပါတယ်။ နောက်တစ်ပတ်မှာတော့ ကျောက်ကပ် ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပေးမှုတွေ မျှဝေပေးသွားမှာမို့ ဆက်လက်စောင့်မျှော်ဖတ်ရှကြ​ဖို့ တိုက်တွန်းလိုက်ပါတယ်။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အသည်းလေးကျန်းမာစေဖို့ #ဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)