ဧရာဝတီတိုင်းမ်
တမူး၊ ဇူလိုင်လ ၂၃ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ခမ်းပတ်မြို့ခံ အမျိုးသားတဦးသေဆုံးကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက် ရိုမန်ကက်သလစ်ဘုရားကျောင်းရှေ့တွင် ကျရောက်ပေါက်ကွဲကာ မြို့ခံ Pa Thumna ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
ကလေး-တမူးအာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းတည်ရှိရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်က ပြောသည်။
“ဇူလိုင် ၁၀ ရက်က အရပ်သား နှစ်ဦးကို PDF အမည်တပ်ပြီး စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခဲ့တာကြောင့် အခုလို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်” ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် ခမ်းပတ်မြို့ခံများနှင့် ကာနန်ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။
တိုက်ပွဲအခြေအနေနှင့် ဒေသခံပြည်သူများ၏ အအခြေနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ခမ်းပတ်မြို့ တိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရပြီး ကျည်ဆံများ အရေးပေါ်အကူညီလိုအပ်နေကြောင်း သိရသည်။
#စစ်ကောင်စီတပ်မှပစ်သည့် #လက်နက်ကြီး #ကျရောက်ပေါက်ကွဲ #ခမ်းပတ်မြို့ခံတစ်ဦးသေဆုံး #Ayeyarwaddy_Times