ဧရာဝတီတိုင်းမ်
အိမ်မဲ ၊ ဇူလိုင်လ ၂၂ ရက်

ဧရာဝတီတိုင်း အိမ်မဲမြို့နယ်တွင်ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်း၌ အိမ်မဲ-ပန်းတနော် ကားလမ်းမအနီးရှိ နေအိမ်နှင့်ဆိုင်ခန်း (၂၀၀) ကျော်ကို လမ်းနယ်နမိတ် နှင့် မလွတ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံမြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ချက်ခြင်းဖျက်ခိုင်းသဖြင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်မဲ့ဘဝသို့ရောက်ရှိနေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါဆိုင်ခန်းနှင့် နေအိမ်များကို ဖျက်ခိုင်းရာတွင် ကြိုတင်အကြောင်းကြားခြင်းမရှိပဲစစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်အဖွဲ့က တနေ့တည်း အပြီးသတ်ဖျက်သိမ်းစေခိုင်းခံခဲ့ရကြောင်းနေအိမ်အတင်းအကျပ်ဖျက်သိမ်းခံခဲ့ရသူများထံက သိရသည်။

” ဘာမှကြိုတင်အကြောင်းမကြားပဲနဲ့အိမ်ဖျက်ပေးလိုက်ရတယ်။စာလည်းပို့လာတာမရှိဘူး။တဖတ်သတ်ကြီးဖျက်ခိုင်းတာ” ဟု အိမ်ဖျက်ခံခဲ့ရသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့နေအိမ်များကိုအတင်းအကျပ်ဖျက်သိမ်းရန်လုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှအင်အား ၁၅ ဦးထက်မနည်းလုံခြုံရေးရယူကာမြို့နယ်ထွေအုပ်အဖွဲ့မှမြေသယ်ယာဥ်များဖြင့်ဖြိုဖျက်သွားခဲ့ခြင်းဖြစ်ကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံကသိရသည်။

” ဓာတ်ပုံမရိုက်ရဲဘူး။ အနားမှာ စစ်တပ်ကောရဲကောသေနတ်တွေနဲ့လုံခြုံရေးယူပြီးမှလာဖျက်သွားတာ။ထွေအုပ်က ဘူဒိုဇာတွေကောသူတို့လူတွေနဲ့အင်အား ၅၀ လောက်ရှိတယ်။
မိုးတွင်းကြီးကို တော်တော်လေးကိုယုတ်မာတာ။ ဘယ်အနားသွားနေရမလဲမသိရ​တော့ဘူး” ဟု ဆိုင်ခန်းဖျက်သိမ်းခံခဲ့ရသူအမျိုးသမီးတစ်ဦးကဆိုသည်။

ယင်းသို့နေအိမ်နှင့်ဆိုင်ခန်းများအတင်းအကြပ်ဖျက်သိမ်းခံခဲ့ရမှုကြောင့်ဒေသခံ တစ်ထောင်ကျော်မှာအိုးအိမ်မဲ့ဘဝသို့ကျရောက်ခဲ့ရပြီး နေထိုင်ရန်အခက်အခဲများဖြင့်ရင်ဆိုင်နေရကြောင်းလည်းဒေသခံများကပြောသည်။

” အိမ်ကောဆိုင်ကောအကုန်နေ့ချင်းဖျက်ပေးလိုက်ရတာ။လမ်းစဖောက်ကတည်းက အလွတ်ဆောက်ထားတာ။အဲဒါကိုလမ်းမနဲ့ ပေ၁၀၀ ပတ်လည်ဆိုပြီးအတင်းလာဖျက်သွားတာ။အသိပေးတာမရှိဘူး။အခုအိမ်အဖျက်ခံရတဲ့သူတွေဆို တစ်နေ့လုပ်တစ်နေ့စားတွေ နေဖို့တောင်အဆင်မပြေဘူး။အိမ်ခန်းငှားဖို့လည်းမတတ်နိုင်ကြဘူး။တမင်တကာလူတွေကိုသပ်သပ်ညစ်နေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ်ကလည်း အိမ်မဲ-ပန်းတ​နော်ကားလမ်းဘေးရှိ နေအိမ်များကိုစစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက လမ်းနယ်နိမိတ်ကျူးကျော်သည်ဟုဆိုကာ ဖိအားပေး ဖျက်သိမ်းရန်အသိပေးခဲ့သေးသည်။

ထို့အပြင်ဇူလိုင်လ ပထမပတ်အတွင်းက လည်း ငွေဆောင်ကမ်းခြေနှင့်ညောင်မော်ကျေးရွာကြား ကားလမ်းမတိုးချဲ့ရန်ဟုဆိုကာလမ်းမအနီးနေအိမ် အလုံး ၅၀ ထက်မနည်းကို မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပုသိမ်ခရိုင်လမ်းတံတားဥဦးစီးဌာနမှအတင်းအကျပ်လိုက်လံဖျက်သိမ်းခဲ့သည်။

ဓာတ်ပုံ-အိမ်မဲ-ပန်းတနော်လမ်းမပိုင်းနေရာကိုတွေ့ရစဥ်

#အိမ်မဲ-ပန်းတနော်ကားလမ်း #နေအိမ်နှင့်ဆိုင်ခန်း #အတင်းအကြပ်ဖျက်ခိုင်း #ဒေသခံ၁၀၀၀ကျော် အိုးအိမ်မဲ့ဖြစ်
#Ayeyarwaddy_Times