ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

အမျိုးသားညီညွတ်ရေးအစိုး၏ နွေဦးဘဏ် (Spring Development Bank) ကို ယနေ့ ဇူလိုင် ၂၃ ရက်နေ့က ကနဦးအကြိုကာလဖွင့်လှစ်ချိန်တွင် ငွေစာရင်းဖွင့်သူတစ်ထောင်ကျော်ရှိကြောင်း သတင်းရရှိသည်။

လက်ရှိတွင် နွေဦးဘဏ်သည် UAT Soft Launch (သို့မဟုတ်) Private Beta Testing ကာလဖြစ်၍ ငွေစာရင်းအကောင့်ဖွင့်လှစ်သူ တစ်ထောင်သာလက်ခံခြင်းဖြစ်ပြီး သတ်မှတ်အရေအတွက်ပြည့်သွားခြင်းဖြစ်သည်။

အဆိုပါဘဏ်ကို ခုနစ်လအတွင်း ပြည်တွင်းပြည်ပရှိ နည်းပညာရှင်၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာရှင်များနှင့် အတူ ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နွေဦးဘဏ်ထုတ်ပြန်ချက်အရသိရသည်။

” လက်တလောဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နဲ့အတူ ပြင်ဆင်မွမ်းမံမှုတွေအစဥ်တစိုက်လုပ်ဆောင်သွားမှာမို့ စိတ်ရှည်စွာနဲ့ ဆက်လက်အားပေးပါဝင်ပေးကြဖို့ ” နွေဦးဘဏ်တာဝန်ရှိသူက မေတ္တာရပ်ခံပြောကြားထားသည်။

ပြည်သူလူထုကြုံတွေ့နေသည့်အခက်အခဲများကိုလွမ်းခြုံပြီး ဘဏ်ဝန်ဆောင်မှုပေးနိုင်ရန်၊ လုံခြုံရေးဆိုင်ရာကိစွရပ်များနှင့် သမာရိုးကျဘဏ်ပုံစံမဟုတ်သဖြင့် စနစ်တကျတဆင့်ချင်းအကောင်အထည်ဖော်နေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

နွေဦးဘဏ်သည် ငွေကြေးစနစ်စုံလင်သော Multi-Currency Digital Bank ဖြစ်ပြီး ရှုထောင့်ယန္တရား၊ ယဥ်ကျေးမှုသဏ္ဍာန်စုံလင်စွာဖြင့်လုပ်ဆောင်နေပြီးကနဦးအဆင့် beta တည်ငြိမ်စွာလည်ပတ်နိုင်ပါက Full Launch ကာလရောက်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ -SDB
#NUG #နွေဦးဘဏ်ဖွင့်လှစ် #SDB #Ayeyarwaddy_Times