ဧရာဝတီတိုင်းမ်
ဇလွန် ၊ ဇူလိုင် ၂၃ ရက်

ဧရာဝတီတိုင်း အတွင်းရှိ ဇလွန်မြို့ခံလူငယ်(၆)ဦးကို PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မဖြင့်အရေးယူထားပြီးစစ်ကောင်စီတပ်မှငွေကြေးခြိမ်းခြောက်တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့နံနက်ပိုင်းက ဇလွန်မြို့အဝင်အထွက် နေရာ၌စစ်ကောင်စီတပ်၊ရဲနှင့်ပျူစောထီးအဖွဲ့အင်အား ၂၀ ဝန်းကျင်ဖြင့်ဆိုင်ကယ်စီးနင်းသူများကို စစ်ဆေးနေစဉ်အတွင်း ဆိုင်ကယ်ဦးထုတ်မဆောင်းမှုကြောင့်ဖမ်းဆီးခံခဲ့ရသည့်လူငယ် ခြောက်ဦးကိုPDFနှင့်ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်အရေးယူကာစစ်ဆေးခံနေရခြင်း ဖြစ်သည်။

” ဆိုင်ကယ်ဦးထုတ်မဆောင်းတဲ့သူနဲ့ ဘက်မှန်ပါမပါလိုက်စစ်နေရင်းနဲ့ လူငယ်လေးတွေအဖမ်းခံရတာ။ အကုန်လုံးမြို့ထဲကပဲ။ဖုန်းတွေပါယူစစ်ခံရတယ်ထင်တယ်။အဲ့မှာPDF ပို့စ်တွေရှဲထားတာတွေ့လို့ဆိုပြီးတော့ရဲစခန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့အမှုဖွင့်ထားတယ် ။ အခုထိအမှုစစ်ဆေးနေတုန်းပဲ” ဟု ရဲစခန်းနှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းသို့စစ်ဆေးနေစဉ်အတွင်းပြန်လည်လွတ်မြောက်ရန်အချိန်တစ်ပတ်အတွင်းငွေကျပ် (၁၀)သိန်းပေးဆောင်ရန်မိသားစုထံသို့စစ်ကောင်စီတပ်မှဖုန်းဆက်အကြောင်းကြားလာကြောင်းလည်း သိရသည်။

” ငွေဆယ်သိန်းလာပေးဖို့ပေါ့။အချိတ်အဆက်လာလုပ်တယ်။စရဖလို့ပြောတာပဲ။ အဲ့လောက်ငွေကအခုနေဘယ်လိုသွားရှာရမလဲမသိဘူး။ ခြိမ်းခြောက်ငွေညှစ်တဲ့သဘောဖြစ်နေတယ်” ဟု ဖမ်းဆီးခံခဲ့ရသူ၏မိသားစုဝင်တစ်ဦးကဆိုသည်။

ဇလွန်မြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်းစစ်ကောင်စီတပ်မှမြို့အတွင်းအပြင်အဝင်အထွက်ဂိတ်များ၌စစ်ဆေးမှုများပြုလုပ်နေစဥ်အတွင်းဒေသခံလူငယ် ၂၀ ဦးထက်မနည်းကို PDFဖြင့်ဆက်သွယ်သည်ဟုအကြောင်းပြကာဖမ်းဆီးခဲ့ပြီးငွေကြေးခြိမ်းခြောက်တောင်းယူမှုများရှိခဲ့သည်။

#ဇလွန်မြို့ခံလူငယ် #(၆)ဦး #PDFနှင့်ဆက်သွယ်သည်ဟုဆိုကာ #အမှုဖွင့်ပြီး #ခြိမ်းခြောက်ငွေတောင်း
#Ayeyarwaddy_Times