ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၃ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ လိုက်ပါလာသည့် လှေတစ်စီးကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်ငိုက် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ် နှင့် ပျူစောထီး ရှစ် ဦးခန့်လိုက်ပါလာသည့် လှေကို ဘန္ဒနဲကျေးရွာ တဆားဂလက်ဝအနီးတွင် အလစ်ငိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံထံက သိရသည်။

“သူတို့ (စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ)ပါတဲ့ လှေငယ်တစ်စီး တက်လာနေ တယ်ဆိုတဲ့ သတင်းကိုကြိုရတယ်။ ဒါကြောင့်စောင့်ကြိုပြီး အလစ်ငိုက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်” ဟု ကျွန်းစုမြို့နယ် ပြန်ကြားရေးတာဝန်ခံကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်က ပြန်လည် ပစ်ခတ်ချိန် မရခဲ့ဘဲ အဝေးရောက်မှသာ လက်နက်ငယ်များဖြင့် ရမ်းသန်၍ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ကာ ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ ထိခိုက် သေဆုံးမှုများ ရှိနိုင်ပြီး ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက် သေဆုံးမှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ ၊ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။
#မြိတ်ခရိုင်ကျွန်းစု #စစ်ကောင်စီတပ် #ပျူစောထီးပူးပေါင်းအဖွဲ့လှေ #အလစ်ငိုက် ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times