ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဇူလိုင်လ ၂၃ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ စားသောက်ဆိုင်တွင် ထိုင်နေသည့် စစ်ကောင်စီလက်အောက်ခံ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန် ရဲတပ်သားတစ်ဦးနှင့် အတူထိုင်နေသူတစ်ဦးတို့ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အမည်မသိသေနတ်သမားများက လာရောက်ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်း‌မကြီးဘေး ဥတ္တံတားကျေးရွာရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်နေသည့် ဥတ္တံတားကျေးရွာ နယ်ထိန်းရဲဖြိုးဇော်အောင်နှင့် ဝါယာရင်း လုပ်ငန်းလုပ်ကိုင်သူ ကိုစည်သူအောင်တို့ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

“နယ်ထိန်းရဲကအသစ်လို့သိရတယ်။ အရင်တစ်ခါကလဲ ဥတ္တံတားနယ်ထိန်းက အသတ်ခံထိပြီး သေသွားတယ်။ ခုကအရင်တစ်ယောက်နေရာမှာ အသစ်ရောက်လာတာ။ သေသွား တဲ့ အရပ်သားကလဲ ရဲသတင်းပေးလို့ ပြောနေကြတယ်။ သူကတော့ ကဒုံစီးရပ်ကွက်မှာ ဝါယာရိန်းလုပ်ငန်းလုပ်တဲ့ကောင်လေးပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အဆိုပါရဲတပ်သားဖြိုးဇော်အောင်သည် ဇင်းကျိုက်နယ်မြေရဲစခန်းမှပေါင်မြို့နယ်ရဲ တပ်ဖွဲ့ မှူးရုံးထံသို့ တာဝန်အရလာရောက်ပြီး အပြန်စားသောက်ဆိုင်၌ ကိုစည်သူအောင်နှင့်အတူ ထိုင်နေစဉ် ပစ္စတိုဖြင့် ဆယ်ချက်ခန့်ပစ်သတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ပေါင်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ဇင်းကျိုက် နယ်မြေရဲစခန်းမှ ပြန်လာသည့် ဥတ္တံတားကျေးရွာ နယ်ထိန်းရဲမောင်ကိုကိုနှင့် ရဲတပ်သား ခိုင်ဇော်ဦး တို့နှစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများခံက သိရသည်။

ဓာတ်ပုံ – ပစ်သတ်ခံရသူနှစ်ဦးပုံ။

#မွန်ပြည်နယ် #ပေါင်မြို့နယ် #ဥတ္တံတားကျေးရွာ #နယ်ထိန်းရဲ #ဇင်းကျိုက်ရဲစခန်း #ပစ်သတ်ခံရ #Ayeyarwaddy_Times