နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ရက်
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အနောက်ဘက်ခြမ်း ချင်းတွင်းမြစ်ကမ်း တလျောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်၏ စစ်သင်္ဘောများသည် ယနေ့ ဇူလိုင် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်းမှနေ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်
အဆိုပါ စစ်ကောင်စီ စစ်သင်္ဘော သုံးစီးသည် ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့ညပိုင်းက ချင်းတွင်းမြစ်ကြောင်း တလျှောက်ကို လျောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီခန့်မှ စတင်၍ ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ရွာများကို လက်နက်ကြီးဖြစ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ မနေ့ညကတည်းက ရောက်နေတာ။ သင်္ဘောပေါ်မှာ စက်သေနက်တွေ လက်နက် ကြီးတွေကို စီထားတာ။ ချင်းတွင်းမြစ် ကမ်းဘေးကရွာတွေကို ဒီနေ့ နံနက် (၁၀)နာရီ လောက်မှာ စတင်ပစ်ခတ်နေတာ။ တအုန်းအုန်းပဲ ” ဟု မြစ်ကမ်းဘေး ကျေးရွာတွင် နေထိုင်သူ ဒေသခံအသက် ၃၀ အရွယ်ရှိအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်း မ်ကိုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်၏ စစ်သင်္ဘောများ ချင်းတွင်းမြစ်တွင်း စတင်လှည့်လည်ကတည်းက မြစ်ကမ်းဘေးရှိကျေးရွာမှ ဒေသခံပြည်သူများကို ကြိုတင်သတိပေးထားပြီး လက်ရှိတွင် စစ်ကောင်စီတပ်များသည် ရေကြောင်းအပြင် ကြည်းကြောင်းဖြင့် ပါ ထိုးစစ်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက ဆားလင်းကြီးမြို့နယ် လက်ပံတောင်တောင် ဒေသအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။
ဓါတ်ပုံ-ချင်းတွင်းမြစ်အတွင်းက စစ်ကောင်စီတပ်ရေယာဥ် (ပုံဟောင်း)
ချင်းတွင်းမြစ် #စစ်ကောင်စီတပ်စစ်သင်္ဘော #ချင်းတွင်းမြစ်ကမ်း #ကျေးရွာများ #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times