ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၂၄ ရက်

ကန်ပက်လက်မြို့ပေါ်ရှိ ရဲစခန်းနှင့်အထကကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ပူးပေါင်းတပ်က ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းတွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံက သိရသည်။

ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ချိန်းရန် ဆောမြို့မှ တက်လာသော စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် ကန်ပက်လက်မြို့ထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီးနောက် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကန်ပက်လက်မြို့၊ ရဲစခန်းနဲ့ အထကကျောင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေကို နာရီပြန် တစ်ချက်အထိ အဆက်မပြတ်ကြားနေတယ်။ နှစ်ဖက် ပစ်ခတ်မှုရှိတာ သေချာတယ်” ဟု ဒေသခံအမျိုးသားတစ်ဉီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန်ပက်လက်မြို့၊ မြို့တွင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့်ဒေသကာကွယ်ရေးပူးပေါင်းက အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသလို ဒေသကာကွယ်ရေးတပ်ဘက်ကလည်း တိုက်ပွဲနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားခြင်းမရှိပေ။

အလားတူ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်သို့ လက်နက်ရိက္ခာတင်ပို့နေသည့် စစ်ကောင်စီယာဥ်တန်းကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်က အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားနေကြောင်း ဒေသကာကွယ်ရေးများထံက သိရသည်။

ပုံစာ-ကန်ပက်လက်တပ်ဖွဲ့ဝင်များ

#ချင်းပြည်နယ် #ကန်ပက်လက်မြို့ #စစ်ကောင်စီတပ် #ဒေသကာကွယ်ရေးပူးပေါင်းတပ် #သွားရောက်တိုက်ခိုက် #Ayeyarwaddy_Times