ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဇွန်လ ၂၄ ရက်
မင်းအောင်လှိုင်ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်က တိုင်းပြည်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ပြည်သူလူထုကို လူမဆန်စွာ ဖိနှိပ်ညှဉ်းဆဲ အကြမ်းဖက်သတ်ဖြတ်ခဲ့တာ အခုဆိုရင် အချိန် ၁ နှစ်ခွဲနီးပါး ရှိခဲ့ပြီ ဖြစ်တယ်။
အာဏာသိမ်းချိန် ကြာလာတာနဲ့အမျှ မင်းအောင်လှိုင် လက်ပါးစေစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ညှဉ်းဆဲ သတ်ဖြတ်မှုတွေက တစထက်တစ ပိုဆိုးလာနေတာ အားလုံးအသိပါပဲ။
လူနေကျေးရွာတွေ၊ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ ဗုံးကြဲ၊ ရွာတွေကို မီးတင်ရှို့၊ အမျိုးသမီးတွေကို မုဒိန်းကျင့်၊ အရပ်သားတွေကို ဖမ်းပြီး လူသားဒိုင်းလုပ်၊ လူတွေကို အရှင်လတ်လတ် အစုလိုက် အပြုံလိုက် မီးရှို့သတ်၊ ပြည်သူတွေရဲ့စည်းစိမ်ဥစ္စာတွေကို ခိုးဖွက်လုယက်ဖျက်ဆီး၊ စစ်ကြောရေး စခန်းတွေမှာ လူမဆန်တဲ့နည်းတွေနဲ့ ညှဉ်းဆဲနှိပ်စက်၊ ဖမ်းချင်သလိုဖမ်း၊ ထောင်ဒဏ်တွေ ကြိုက်သလိုချ၊ သတ်ချင်သလိုသတ်နေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေက မရေမတွက်နိုင်လောက်အောင် များပြားခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောမှာလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ PDF တွေကို မနိုင်တာနဲ့ တွေ့သမျှရွာ လုယက် ဖျက်ဆီး မီးရှို့တာတွေ လုပ်နေတာ မနည်းမနောပါပဲ။ အာဏာသိမ်း စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်သတ်ဖြတ် မှုတွေ နေ့စဉ်နဲ့အမျှ ကြားသိမြင်တွေ့နေရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာ ဖြစ်ပါတယ်။ လူ့အသိမရှိတဲ့ အရိုင်းအစိုင်း စစ်မိစ္ဆာတွေ အုပ်ချုပ်နေသမျှကတော့ ဒီလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေဟာ လျော့သွားဖို့ မရှိပါဘူး။ ရှေ့လျှောက်ဆက်ပြီး တိုးလာဖို့ပဲ ရှိနေပါတယ်။
ဒီလိုအခြေအနေမှာ ကျုပ်တို့ မြန်မာပြည်သူတွေ ဖြေရမယ့်တစ်ခုတည်းသော မေးခွန်းကတော့ “တော်လှန်မလား၊ ကျွန်ခံမလား”ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းက မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ် အုပ်ချုပ်နေသမျှ မြန်မာပြည်တွင်း၊ ပြည်ပ ဒေသအသီးသီးက ပြည်သူအားလုံး ဖြေကြရမယ့်မေးခွန်းပဲ ဖြစ်ပါတယ်။
တော်လှန်ရေးတရပ်အတွက် အသက်သွေးကြောက ဲပြည်သူလူထုရဲ့စိတ်အားထက်သန်းမှု၊ စည်းလုံးညီညွတ်မှု၊ ပံ့ပိုးကူညီမှုနဲ့ အားပေးထောက်ခံမှု ဖြစ်တယ်။ ဒီအချက်တွေက အမြဲအားကောင်းနေဖို့ လိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ ပြည်သူလူထုတွေ တော်လှန်ရေးကို မပံ့ပိုးရဲအောင်။ ကြောက်ရွံ့အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေသလို တော်လှန်ရေးအပေါ် စိတ်မဝင်စားအောင် ပြည်သူတွေ သွေးအေးသွားအောင် နည်းမျိုးစုံနဲ့ အပြင်းအထန် လုပ်ဆောင်နေတယ်။
တနည်းအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေး ကျဆုံးဖို့က မင်းအောင်လှိုင်ရဲ့အဓိက ရည်မှန်းချက်တစ်ခုထဲမှာ ပါဝင်တယ်။ နွေဦးတော်လှန်ရေးကျဆုံးမှ မြန်မာပြည်ကို သူ့စိတ်တိုင်းကျ ထိမ်းချုပ်လို့ရမယ်။ လွှမ်းမိုး အုပ်ချုပ်လို့ရမယ်။ ဒါကြောင့် မြန်မာ့နွေဦးတော်လှန်ရေး ကျဆုံးသွားဖို့ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး နည်းလမ်းမှန်သမျှ မင်းအောင်လှိုင်က ထုတ်သုံးပြီး ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်။
ဒီနေရာမှာ စကားဆက်စပ်လို့ “စစ်ကျွန်ဖြစ်မယ့် စိတ်ဓာတ်”အကြောင်း ပြောချင်ပါတယ်။ အဲဒါကတော့ ဘယ်အစိုးရတက်တက်၊ တက်လာသမျှနဲ့ ပေါင်းစားမယ်၊ ရသမျှ ဂွင်ဖန်မယ်၊ ခေတ်ပျက်မှာ သူဌေးဖြစ်အောင် လုပ်မယ်၊ အကျင့်ပျက်ခြစားနေတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ပေါင်းပြီး လုပ်စားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ပထမဆုံး “စစ်ကျွန်ဖြစ်မယ့်စိတ်ဓာတ်”လို့ပဲ ပြောပါရစေ။
အဲ့လို လူတန်းစားတွေကျတော့ သူတို့ချမ်းသာရင်ပြီးရော ဘယ်သူ့ကျွန်ဖြစ်ဖြစ်၊ တိုင်းပြည် ပျက်ရုံမကလို့ ပြာပဲကျကျ ဂရုမစိုက်တဲ့ တစ်ဘို့ထဲသမား ဝိသမ လောဘသားတွေပါပဲ။
နောက်တမျိုးကတော့ “ဘယ်အစိုးရတက်တက်၊ ကိုယ်လုပ်မှ ကိုယ်စားရတာ။ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် ကိုယ့်စီးပွားရေးကိုယ်ရှာပြီး အေးအေးဆေးဆေး နေချင်ပါတယ်”ဆိုတဲ့ စိတ်ဓာတ်မျိုးပါပဲ။ တနည်းအားဖြင့် ဘယ်သူတွေ ဖမ်းဖမ်း၊ ဘယ်သူတွေ သေသေ၊ ဘယ်ရွာ မီးရှို့ရှို့ ငါတို့ဖြစ်တာမဟုတ်၊ ငါတို့နဲ့ မဆိုင်ဘူး ဆိုသူတွေပေါ့။ ဒါက “စစ်ကျွန်ဖြစ်မယ့်စိတ်ဓာတ်” ဒုတိယ တမျိုးပါ။
အာဏာသိမ်း စစ်တပ်က အဲ့လိုလူတွေကို အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေလို့ သုံးနှုန်းခေါ်ဆိုပါတယ်။ စစ်တပ်သဘောကတော့ သူတို့ ထားရာနေ၊ စေရာသွား၊ ခိုင်းသမျှလုပ်တဲ့လူတွေကို “အေးချမ်းစွာ နေလိုတဲ့ ပြည်သူ”လို့ သတ်မှတ်ထားပြီး သူတို့ကို တော်လှန်ဆန့်ကျင်သူတွေ၊ တော်လှန်ရေး အားပေးထောက်ခံ သူတွေကိုတော့ အကြမ်းဖက်သမား၊ အကြမ်းဖက်အားပေး ဆိုပြီး ဒီလိုသုံးနှုန်း ပြောဆိုနေတာ တွေ့ရပါတယ်။
အဲတော့ မေးစရာရှိပါတယ်။ “စစ်ကျွန်ဖြစ်တော့ ဘာဖြစ်မလဲ”။ စာရေးသူအနေနဲ့ အတိုဆုံးဖြေရရင် စစ်ကျွန်ဖြစ်ရင် ကျုပ်တို့ လူစင်စစ်ကနေ “ခွေးဝဲစား” ဘ၀ ရောက်ပြီလို့သာ မှတ်ပေတော့လို့ ပြောချင်ပါတယ်။
ဘာကြောင့်ပါလဲ။ အာဏာရူး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလကိုပဲ ပြန်ကြည့်လိုက်ပါ။ တိုင်းပြည် စီးပွားရေးတွေ ထိုးကျသွားတယ်။ ငွေကြေးဖောင်းပွပြီး မြန်မာငွေတန်ဖိုးတွေ ထိုးကျတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတယ်။ အလုပ်အကိုင်တွေ ရှားပါးလာတယ်။ ကုန်ဈေးနှုန်းတွေ အဖက်ဖက်က အဆမတန် တက်လာတယ်။ လုယက်မှု၊ ခိုးမှု၊ ဓားပြမှု၊ လောင်းကစားနဲ့ ဒုစရိုက်မှုတွေ ပိုပေါလာတယ်။
ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ Covid – 19 (Delta ဗိုင်းရပ်စ်) တတိယလှိုင်းကြုံတော့ တက်စရာ ဆေးရုံမရှိ၊ ရှူစရာ အောက်စီဂျင်မရှိ၊ ကုစရာ ဆေးမရှိနဲ့ လူမသိ သူမသိ အိမ်ထဲမှာ ကိုဗစ်ရောဂါနဲ့ သေရတာတွေ၊ သုဿာန်တွေမှာ အလောင်းတွေ ပုံထပ်ပြီး သေတာတောင် ဂုဏ်သိက္ခာမဲ့စွာ သေခဲ့ရတာတွေက အာဏာရူးပြီး တာဝန်ယူစိတ်မရှိတဲ့ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့တဲ့ ၁ နှစ်ခွဲဆိုတဲ့ ကာလအတွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ တိုင်းပြည်ဘဏ္ဍာ ကျပ်သိန်းပေါင်း သောင်းနဲ့ချီသုံးပြီး ဗိုလ်ရှုသဘင်တွေ ကျင်းပ၊ ပြည်သူတွေ မပါဝင်တဲ့ သင်္ကြန်ပွဲတွေကျင်းပပြီး ထင်ရာတွေ လုပ်နေခဲ့တယ်။
ဒီလထဲမှာပဲ အာဏာသိမ်း စစ်ကောင်စီက ကျောင်း ၅ လပဲတက်ပြီး စာသင်ခဲ့ရတဲ့ ကလေးတွေကို တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ကို ဖောဖောသီသီ အအောင်ပေးခဲ့တယ်။ ဒါဟာ စစ်ခေါင်းဆောင်တွေက ခင်ဗျားတို့ ကျုပ်တို့ရဲ့ အနာဂါတ်မျိုးဆက်သစ်တွေကို စနစ်တကျနဲ့ ဖျက်ဆီးနေတာ ဖြစ်တယ်။
အခုလက်ရှိ မိဘ ဘဝကိုရောက်နေတဲ့ ပြည်သူများ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလတွေကို ပြန်ကြည့်လိုက်ပါ။ ကလေးတွေကို မအောင်မနေရစနစ်နဲ့ အတန်းတင်ပေး၊ ဆယ်တန်းတွေ အအောင်ပေးပြီး တက္ကသိုလ်တွေကို မြို့ပြင်တွေ ရွှေ့၊ တက္ကသိုလ်ကျောင်းသားတွေကို အရက်၊ ဖဲ၊ မူးယစ်ဆေး၊ လောင်းကစားတွေနဲ့ ပျက်စီးအောင် ဖျက်ဆီးခဲ့တာ၊ ဘာမှသုံးစားမရ ဘယ်နိုင်ငံကမှ အသိအမှတ် မပြုတဲ့ဘွဲ့တွေပေးပြီး ဖျက်ဆီးခဲ့တာ ဗိုလ်သန်းရွှေတို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဖြစ်တယ်။
အခုလက်ရှိ ဗိုလ်သန်းရွှေတပည့် မင်းအောင်လှိုင်လည်း ဒီလမ်းစဉ်အတိုင်းပဲ ဘယ်နိုင်ငံကမှ အသိအမှတ် မပြုသော “ဘွဲ့ရပညာမတတ်”တွေကို မွေးထုတ်ပြီး တိုင်းပြည်ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ဖျက်ဆီးနေတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် စစ်ကျွန်ဖြစ်တဲ့ဘဝဟာ “ခွေးဝဲစား” ဘဝလို့ စာရေးသူ သုံးနှုန်းတာ ဖြစ်ပါတယ်။ ဒီအာဏာရူး စစ်ခေါင်းဆောင်တွေ တိုင်းပြည်ကို အုပ်ချုပ်နေသရွေ့ ကျုပ်တို့ တိုင်းပြည် ဘယ်တော့မှ အေးချမ်းတိုးတက်မှာ မဟုတ်သလို အခုထက်ပိုပြီး ဆင်းရဲမွဲတေကာ ဘက်ပေါင်းစုံက ချွတ်ခြုံကျမယ်ဆိုတာ ရှေ့ကအုပ်ချုပ်ခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ်တွေက သက်သေပြပြီးသားပါ။
အခုဆို ပြည်သူတွေဘဝက အပြင်ထွက်လည်း ကြောက်ရ၊ အိမ်မှာနေလည်း ကြောက်ရ၊ Facebook သုံးလည်း ကြောက်ရ၊ ဘာလုပ်လုပ် ကြောက်ရ၊ ဆယ်အိမ်မှူးလောက်ကအစ စစ်တပ်ခိုင်းသမျှလုပ်နေတဲ့ ဒလန်အဆုံး ကြောက်နေရပြီ မဟုတ်ပါလား။
ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးက လွတ်ဖို့၊ စစ်ကျွန်ဘ၀ ခွေးဝဲစားဘဝက လွတ်ဖို့ဆိုရင် ပြည်သူတွေ စုစည်း ညီညွတ်စွာ စစ်အာဏာရှင်ကို တော်လှန်ဖို့ လိုပါတယ်။ ပြည်သူအားလုံးက “ဒီတော်လှန်ရေးအောင်မြင်ဖို့ ငါ့မှာ တာဝန်ရှိတယ်” လို့ ခံယူဖို့ လိုပါတယ်။
ကိုယ်တိုင် တော်လှန်ရေးထဲ မပါနိုင်ရင်တောင် တော်လှန်နေသူတွေကို ကိုယ်တတ်စွမ်းသလောက် အုတ်တချပ် သဲတပွင့် ကူညီပံ့ပိုးဖို့ လိုပါတယ်။ ကိုယ်တိုင် မလှူနိုင်ရင်တောင် တော်လှန်ရေးကို ပံ့ပိုးနိုင်မယ့် “Click To Donate”အစီအစဉ်တွေကို နေ့စဉ်အချိန်အနည်းငယ်ပေးပြီး ကလစ်ကြဖို့ လိုပါတယ်။ ဒါမှသာ “မြန်မာ့နွေဦးတော်လှန်ရေး” အောင်မြင်ပြီး စစ်ကျွန်ဘဝက လွတ်မြောက်ပါလိမ့်မယ်။
ဒီမိုကရေစီကို လိုလားတောင့်တတယ်ဆိုရင် ဒီမိုကရေစီရဖို့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှု လုပ်ကြဖို့ လိုအပ်ပါတယ်။ နောက်ဆုံးမှာ “ကျုပ်တို့ဟာ ကိုယ်နဲ့ထိုက်တန်တဲ့အစိုးရကိုပဲ ရရှိကြပါလိမ့်မယ်”။ ဒီမိုကရေစီနဲ့ထိုက်တန်ရင် ဒီမိုကရေစီအစိုးရကို ရမယ်။ စစ်အာဏာရှင်နဲ့ပဲ ထိုက်တန်ရင်တော့ စစ်အာဏာရှင် အစိုးရကိုပဲ ရပါလိမ့်မယ်။