ဆောင်းပါးရှင် – စစ်ဝေးသော်
ဧရာ၀တီတိုင်းမ် (ဇူလိုင်လ ၂၃ ရက်)

ဒီကနေ့ဆိုရင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် အဆိုတော် ကိုဖြိုးဇေယျာသော်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်ခဲ့တာ ၁ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

တနည်းပြောရရင်တော့ သူတို့တတွေ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အသက်ပေးလှူသွားခဲ့တာ ၁ နှစ်တင်းတင်း ပြည့်ပြီလို့လည်း ဆိုနိုင်ပါတယ်။ သူတို့တွေ ဘာကြောင့် အသက်စွန့်ခဲ့ကြတာပါလဲ။ ရာထူးအာဏာ လိုချင်လို့လား၊ စည်းစိမ်ဥစ္စာလား၊ ဂုဏ်ပကာသနလား၊ ခံစားခွင့်တွေလား။ ကိုယ်ကျိုးစီးပွားတွေလား။ ဒါတွေ တစ်ခုမှ မဟုတ်ခဲ့ပါဘူး။

ကိုယ့်အတွက်ပဲကိုယ် ကြည့်မယ်ဆိုရင်တော့ သူတို့တွေအားလုံး ကိုယ့်မိသားစုနဲ့အတူ ငြိမ်ငြိမ်လေးနေပြီး စစ်ကောင်စီလုပ်သမျှ ကောင်းတာဆိုးတာ ဘာတစ်ခုမှ မပြောဘဲ နေသာသလိုနေပြီး ဖြတ်သန်းလို့ရတဲ့သူတွေချည်းပါပဲ။

သို့ပေမယ့် သူတို့တတွေ မတရားမှုကို လက်ပိုက်ကြည့်မနေခဲ့ကြပါဘူး။ တိုင်းပြည်ကို လက်နက်အားကိုးနဲ့ လူပါး၀ အနိုင်ကျင့်တဲ့စစ်တပ်ကို ဒီမိုကရေစီပြန်ပေးဖို့၊ ဖမ်းထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်နက်မပါ ငြိမ်းချမ်းစွာတောင်းဆိုတာကို အာဏာသိမ်းစစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ် အကြမ်းဖက်ရာမှာတော့ ဓားကိုဓားချင်း၊ လှံကိုလှံချင်း တုန့်ပြန်တိုက်ခိုက်ရင်း ပြည်သူတရပ်လုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်အောင်၊ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရရှိအောင် လက်နက်ကိုင် တော်လှန်ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အချိန်ကျတော့ ဆူပူတယ်လို့ ပြောတယ်။ သူတို့တွေ အကြမ်းဖက်လို့ လက်နက်ကိုင် တိုက်ခိုက်ပြန်တော့ အကြမ်းဖက်တယ်လို့ ဆိုပြန်တယ်။ သူတို့ လုပ်သမျှ ဘာမှမတုန့်ပြန်ဘဲ ကြောက်ရွံ့ပြီး ငြိမ်ခံနေတဲ့သူတွေကိုသာ စစ်ကောင်စီက “အေးချမ်းစွာနေလိုသောပြည်သူ”လို့ သတ်မှတ်ထားပုံပါပဲ။

ဒီလိုနဲ့ တရားမျှတမှုအတွက် စစ်ကောင်စီကို တော်လှန်ရင်း ဖမ်းဆီးခံခဲ့ရချိန်မှာ သူတို့တွေဟာ စစ်ကြောရေးမှာ မူးရူးနေတဲ့ စစ်ကောင်စီလက်အောက်က လူ့မိစ္ဆာတွေရဲ့ သေလုမျောပါး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုကို ခါးစည်းခံခဲ့ကြရပါတယ်။ စစ်ကြောရေးကလွတ်ပြီး အကျဉ်းထောင်ရောက်မှသာ သက်သာရရပြီး ပျော်ရတာပါ။

ဒီကနေ့ခေတ်မှာ အကျဉ်းထောင်ရောက်ရင် ပျော်ရတာ မြန်မာနိုင်ငံတစ်ခုပဲ ရှိမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျဉ်းထောင်အထိ မရောက်လိုက်ဘဲ စစ်ကြောရေးမှာတင် စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကြောင့် ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးအင်အားစုတွေ မနည်းမနော ရှိခဲ့တာကိုး။

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ ကိုဂျင်မီအပါအဝင် ၄ ဦးကို စစ်ကောင်စီ လက်အောက်က တရားရုံးတွေက သေဒဏ်အမိန့်တွေ အသီးသီးချမှတ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ သေဒဏ် ချမှတ်ပေမယ့် ကြိုးပေးပြီး အမှန်တကယ်ကွပ်မျက်တာမျိုး မရှိတာကြာပြီဖြစ်လို့ စစ်ကောင်စီဟာ သူတို့တွေကို ထောင်ထဲမှာ စိတ်ဆင်းရဲ၊ လူဆင်းရဲ၊ အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်အောင်ပဲ နှိပ်စက်လိမ့်မယ်လို့ပဲ အားလုံးက ထင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က အင်းစိန်ဗဟိုအကျဉ်းထောင်ထဲအထိ ဝင်ရောက် ကြီးကြပ်စီစဉ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လေးဦးကို အမှန်တကယ် သေဒဏ်ချကွပ်မျက်ပြီး အလောင်းတွေကို မိသားစုထံပြန်မပေးဘဲ မီးသဂြိုလ်ပစ်ခဲ့ကြပါတယ်။

အဲ့ဒီလို ဥပဒေမဲ့လုပ်ဆောင်မှုကို စစ်တပ်က သတင်းအမှောင်ချလုပ်ဆောင်ပြီး ဇူလိုင်လ ၂၅ ရက်နေ့ကျမှ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ထုတ်ပြန်ခဲ့ချိန်ကျမှသာ ကိုဂျင်မီတို့လေးဦး သေဒဏ်ချကွပ်မျက်ခံရမှန်း မြန်မာ တနိုင်ငံလုံးရော၊ တကမ္ဘာလုံးရော သိရှိကာ အံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ အကျဉ်းထောင်လက်စွဲဥပဒေတွေမှန်သမျှကို အကုန်ချိုးဖောက်ပြီး “ငါတို့ သတ်ချင်သလို သတ်လို့ရတယ်။ အခုလည်း သတ်ချင်လို့ သတ်တယ်ကွာ”ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုဂျင်မီအပါအဝင် လေးဦးကို သတ်ဖြတ်ပြခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် သူတို့လေးဦး အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းမှာ ကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံသူတွေကတော့ ကိုဂျင်မီတို့ လေးဦးဟာ လူသတ်သမား၊ အကြမ်းဖက်သမားတွေဆိုပြီး တံဆိပ်ကပ်ကြတယ်။ စစ်အာဏာရှင်တွေ အတွက်ကတော့ သူတို့ရာဇပလ္လင်ကို ထိခိုက်အောင်လုပ်သူမှန်သမျှ အကြမ်းက်သမားတံဆိပ်ကပ်တာ မဆန်းလှပါဘူး။ စစ်တပ်အောက်ဆွဲ ကျွန်ရူးတွေကလည်း သူတို့သခင်တွေအလိုကျ ဟောင်ကြကိုက်ကြတာ ခေတ်တိုင်းမှာ ရှိစမြဲမို့လား။ ဒေဝဒတ်တောင် သူ့ပရိတ်သတ်နဲ့ သူကိုး။

သူတို့လေးဦးက အကြမ်းဖက်သမားတွေလား၊ ကိုယ်ကျိုးစွန့်ခဲ့တဲ့ သူရဲကောင်းတွေလားဆိုတာ ပြည်သူတွေရဲ့ လေးစားတန်ဖိုးထားမှုက အခိုင်မာဆုံးသက်သေတွေပါပဲ။

မြန်မာ့နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီကနေ့အထိ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လို ထောင်နဲ့ချီတဲ့ သူရဲကောင်းတွေဟာ ပေတရာလမ်းမတွေပေါ်မှာ၊ စစ်ကြောရေးစခန်းမှာ၊ တောတောင်တွေထဲမှာ၊ စစ်မြေပြင်မှာ၊ အချုပ်ခန်းတွေ၊ အကျဉ်းထောင်တွေထဲမှာ တိုင်းပြည်အတွက် အသက်စွန့်ပေးဆပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

ကျန်ရစ်သူ ကျုပ်တို့တတွေဟာ သူရဲကောင်းတွေရဲ့ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်အတွက် အသက်စွန့်ပေးဆပ်မှုကို လေးစားတန်ဖိုးထားဖို့ လိုပါတယ်။ တန်ဖိုးထားတယ်ဆိုရာမှာလည်း ပါးစပ်နဲ့ပြောယုံတင်မဟုတ်ဘဲ နွေဦးတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်တာ၊ လှူဒါန်းတာ၊ ကူညီဆောင်ရွက်တာ၊ စစ်ကောင်စီကို ရသမျှနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန် တာတွေ အင်တိုက်အားတိုက်၊ ဇွဲနဘဲနဲ့ ဆောင်ရွက်ပြီး သက်သေပြဖို့လိုပါတယ်။

ဒါမှသာ နွေဦးတော်လှန်ရေးအောင်မြင်ပြီး ကြွေလွင့်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်မှသာ စစ်အာဏာရှင်စနစ်ဆိုးကို ကျုပ်တို့မျိုးဆက်လက်ထက်မှာ အမြစ်ဖြတ်နိုင်မှာဖြစ်တဲ့အပြင် ကျုပ်တို့ရဲ့ နောင်လာနောက်သား မျိုးဆက်သစ်တွေ ဒီစနစ်ဆိုးကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေးသူရဲကောင်းတွေကို လေးစားတန်ဖိုးထားတယ်ဆိုရင် ”တော်လှန်ရေးမှာ တတ်နိုင်သမျှ လှူပေးပါ။ ပါဝင်ပေးပါ။ စစ်ကောင်စီကို ရသမျှနည်းနဲ့ ဆန့်ကျင်ပါ”

မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ပြီးချိန်မှာ ကြွေလွင့်ခဲ့တဲ့သူရဲကောင်းတွေအတွက် သူရဲကောင်းဗိမ္မာန် ထားရှိပြီး ကျုပ်တို့တတွေ အတူတကွ ဂုဏ်ပြုကြတာပေါ့။

#ကိုဂျင်မီ #ကိုဇေယျာသော် #အတွေးအမြင်ဆောင်းပါး #Ayeyarwaddy_Times