ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် PDF အဖွဲ့တခုဖြစ်သည့် ကဿပဝိဇ္ဇာအဖွဲ့မှ ၅.၅၆ ကျည် ၁၂ တောင့် ထည့်ပစ်နိုင်တဲ့ ဘောက်ထိုးတလက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း
ကဿပဝိဇ္ဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတဦးထံက သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း အိန္ဒိယခါးချိုး တထောင့်ထိုးသေနတ်ကို ၅ လုံးပြူးသေနတ်အဖြစ် ပြောင်းလဲပြီး အောင်​မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသေးတယ်လို့ ၎င်း တပ်ဖွဲ့ဝင်များကပြောသည်။
“ကုန်ကျစရိတ်အနေနဲ့ကတော့ ၁၀ သိန်းဝန်းကျင် ရှိပါတယ်။

၁၂ တောင့်ထိုးသေနတ် ထုတ်လုပ်တဲ့နေရာမှာ CDM ရဲဝန်ထမ်းနဲ့ PDF ခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ထုတ်လုပ်ခဲ့တာပါ။နည်းစနစ်ကတော့ ရိုင်ဖယ်ဒီဇိုင်းကို Reference ယူထားတာပါ။ အခုလည်း CDM ရဲဝန်ထမ်းတေဇဆိုတဲ့ နာမည်နဲ့ PDF ရဲဘော် တယောက် ဖြစ်နေပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်” လို့ ကဿပဝိဇ္ဇာ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို့ပြင် ကိုယ်ထူကိုယ်ထ ကြိုးစားထုတ်လုပ်ရတာ ဖြစ်သည့်အတွက် များများထုတ်လုပ်နိုင်ဖို့ အထောက်အပံ့များစွာ လိုအပ်နေပြီး တော်လှန်ရေးမှာ ပြည်သူများ ကူညီပါဝင်ပေးကြဖို့လည်း တိုက်တွန်းပါရစေ လို့ ကဿပဝိဇ္ဇာ မှ ရဲဘော်များကပြောသည်။

ဒေသတွင်းကအဖွဲ့တွေကိုလည်း ဝေမျှပေးသွားမှာဖြစ်ပြီးဘုံရည်မှန်းချက်က အတူတူဖြစ်သည့်အတွက် အရေးတော်ပုံအောင်သိအထိ အတူ လက်တွဲတိုက်ခိုက်သွားဖို့ အစီအစဉ်များစွာ
ရှိသည်ဟုကဿပဝိဇ္ဇာအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ဓာတ်ပုံ-ကဿပဝိဇ္ဇာအဖွဲ့