
မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလမှာ ငွေတုလုပ်ငန်းရောင်းဝယ်မှုများ အွန်လိုင်းပလက်ဖောင်း ပေါ်က တဆင့် ပေါ်ပေါ်တင်တင်ရောင်းချလာခဲ့ကြတယ်လို့ သိရပါတယ်။ အာဏာမသိမ်းခင်က ငွေတုရောင်းချတဲ့ လုပ်ငန်းများရှိခဲ့ပေမယ့် ဖမ်းဆီးမှုများသည့်အတွက် ငွေတု ရောင်းဝယ်မှုများရှိခဲ့သော်လည်း ခုလိုမျိုး ပေါ်ပေါ်တင်တင်ရောင်းချမှုမျိုးမရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“ အရပ်သားအစိုးရလက်ထက်က ဒီမူးယစ်ဆေးဝါးနဲ့ ငွေတုရောင်းတာတွေကို သေချာအဖွဲ့ဖွဲ့ပြီးလိုက်တာမျိုး ရှိတယ် နယ်မြေမှာလည်း အဓိကထားဖမ်းဆီးတဲ့အထဲမှာပါတယ် လာတိုင်းလို့ဖမ်းတာမျိုးကိုပြောချင်တာ မဟုတ်ဘူး သတင်းရယူဖမ်းရတာမျိုးကိုပြောတာ ခုတော့ အင်အားမလောက်တော့ အဲ့လိုမျိုး သီးသန့်ဖွဲ့ပြီး ဖမ်းတာမျိုးမလုပ်နိုင်တော့ဘူး”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာတာကြောင့် မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာတာလို့ ဆိုပါတယ်။
ငွေစက္ကူအတုပြုလုပ်ရောင်းချသူတွေဟာ မြန်မာငွေစက္ကူ ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကို အများဆုံးပြုလုပ်ပြီး အွန်လိုင်းပေါ်ကတဆင့် ဝယ်လက်များကို ရှာဖွေကာ စာတိုက်နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှတဆင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိထားပါတယ်။
အွန်လိုင်းပေါ်တွင် ငွေစက္ကူအတုရောင်းချတဲ့ ပေစ့်တွေဟာ ၁၀၀ ကျော်မကရှိပြီး ဂရုပေါင်းလည်း ၂၀၀ နီးပါးရှိသလို ငွေစက္ကူအတုရောင်းချတဲ့ပို့စ်တွေကို တခြား သတင်းနဲ့ အွန်လိုင်းပစ္စည်းရောင်းဝယ်တဲ့ ဂရုများတွေမှာ လိုက်လံဖြန့်နေ တဲ့အထိ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်လာတာပါ။
ငွေစက္ကူအတု ၁၀ သိန်းဖိုး ဝယ်ယူမယ်ဆိုရင် မြန်မာငွေကျပ် ၁ သိန်းအစစ်ပေးရမည်ဖြစ်ပြီး ငွေစက္ကူအတုများကို ကားဂိတ်မှတဆင့် ပါဆယ်ထုတ်ပြီး အရောက်ပို့ပေးမည်ပြောဆိုကာ ထိုအတွက် စရံငွေတဝက်ကြိုပေးရမယ်လို့ ငွေစက္ကူအတုရောင်းသူတဦးက ပြောပါတယ်။
“ ဝယ်မယ်ဆိုရင်တော့ အရင်ဆုံး စရံတဝက်ချေရမယ် ပြီးရင် သေချာပါဆယ်ထုတ်ပြီး ကားနဲ့ပို့ပေးမယ် အရောက်ပို့ပေးမယ် ဘာပြသနာမှ မတက်စေရဘူး စိတ်ချ ကိုယ့်လက်ထဲရောက်လို့ သုံးလို့မိရင်တော့ တာဝန် မယူဘူး”လို့ ငွေစက္ကူအတုရောင်းချသူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဈေးကွက်ထဲမှည ရောင်းချနေတဲ့ ငွေစက္ကူအတု ၁ သောင်းကျပ်တန်ဟာ မြန်ငွေစက္ကူအစစ် ၁ သောင်းကျပ် တန်နှင့်ခွဲမရအောင် အမြင်အားဖြင့် တူညီမှုရှိပြီး လူစည်ကားတဲ့ ရပ်ကွက်ဈေးတွေနဲ့ လမ်းဘေးဈေးဆိုင်တွေမှာ အသုံးပြုရင်ပိုအဆင်ပြေမယ်လို့ ဆိုပါတယ်။
ဈေးကွက်ထဲသို့ဖြန့်နေတဲ့ ငွေစက္ကူအတုတွေဟာ ဂျာမနီနိုင်ငံက စက်တွေကိုဝယ်ယူပြီး ရိုက်နှိပ်ဖြန့်ဖြူနေတာကြောင့် သာမန်ပြည်သူတွေအနေနဲ့ သိဖို့ခက်ခဲမှာဖြစ်သလို အတုကိုသုံးမိလို့ အဖမ်းခံရရင်လည်း ထောင်ကျရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ငွေစက္ကူတွေကို ၁ သောင်းတန်ဆို သေချာကြည့်ယူရတာမျိုးတွေ လုပ်နေရတယ်လို့ ကျေးလတ်နေပြည်သူတွေက ပြောပါတယ်။