ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာသို့ စစ်ကောင်စီတပ်မှ ယမန်နေ့က စစ်ကြောင်းထိုး၀င် ရောက်ပြီး ဒေသကာကွယ်ရေးရဲဘော် သုံးဦးအပြင် ကလေးသူငယ်အပါအ၀င် ဒေသခံများကို ဖမ်းဆီး၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်က စစ်ကောင်စီတပ်မှ စုန်းချောင်းရွာသို့ ၀င်ရောက်စီးနင်း၍ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များကို နေရာတင်သတ် ဖြတ်ခဲ့ပြီး ဒေသခံ ၁၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ကြောင်းနှင့် သေဆုံးသူများထဲတွင် ကလေးသူငယ် သုံးဦးလည်းပါ၀င်ကြောင်း ယင်းမာပင်မြို့နယ်ရှိ တော်လှန် ရေးတပ်ဖွဲ့များထံမှ သိရသည်။
” ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အထဲမှာ ချင်းတွင်းဘရားသားအဖွဲ့က ခေါင်းဆောင်ညီအစ်ကိုနှစ်ယောက်လည်း ပါတယ်လို့သိရတယ်။ ကလေး သုံးယောက်နဲ့ ရွာအနောက်ပိုင်းကလူတွေရောပေါ့။ မသတ်ခင်မှာ နှိပ် စက်ထားတာ ရစရာမရှိဘူး။ မျက်လုံးတွေဖောက်ခံထားရသူတွေ ခြေထောက်တွေကို ထုချေထားတာ။ လက်နဲ့ခြေထောက်က အသားတွေကို ဆွဲလှန်ပြီးခွာထားတာတွေ့ရတယ်”ဟု ယင်းမာပင်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် စုန်းချောင်းရွာသို့ စစ် ကြောင်း နှစ်ကြောင်းဖြင့် ၀င်ရောက်ခဲ့ပြီး အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် မုံရွာမြို့အထွက် ရွှေတောင်ဦးစခန်းကုန်းမှ ထွက်လာသည့် စစ်အုပ်စုဖြစ်ကြောင်းသိရသော်လည်း မည်သည့်တပ်ရင်းဖြစ်ကြောင်းကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် အတည်မပြုနိုင်သေးပေ။
သေဆုံးသူများမှာ ကို ပြည့်ဖြိုးထွန်း၊ ကိုစိုင်းသူစံ၊ ကိုနေမင်းထွန်း၊ ကိုမျိုးမြင့်ဦး၊ ကိုကျော်ဦး၊ ကိုရန်နိုင်စိုး၊ ကိုဆွေကြီး၊ ကိုအောင်၀င်းဆွေ၊ ကိုနိုင်မင်း၊ ကိုတုတ်ကြီး၊ ကိုလွင်မိုးထွန်း၊ ကိုဌေးဇော်၊ ကိုဖိုးအောင်၊ ကိုအောင်ဇော်၀င်း စသည့် ၁၄ ဦး၏ နာမည်များကို စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။
ထို့အပြင် ထပ်မံဖမ်းဆီးရမိထားသူ ၃၀ ကျော်ကို ကြိုးတုပ် ခေါင်းစွပ်အုပ်ထားကြောင်းလည်း ရေးသားဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်း တိုင်းအတွင်း စစ်ကြောင်းထိုး၀င်ရောက်ရာတွင် ယခင် ကကဲ့သို့ အင်အားအပြည့်ဖြင့် ၀င်ရောက်စီးနင်းသည့် ပုံစံမဟုတ်ဘဲ တပ်ဖျောက်ပုံစံဖြင့် ၀င်ရောက်နေပြီး သတင်းအတိအကျဖြင့် လာရောက်၍ ဖမ်းဆီးသတ် ဖြတ်နေခြင်းဖြစ်ကာ တပ်စွဲနေထိုင်ခြင်းမရှိဘဲ ၀င်ရောက်စီးနင်းပြီးပါက တပ်ခေါက်ပြန်လေ့ရှိကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ဓာတ်ပုံ – ပေးပို့
#စစ်ကိုင်း #ယင်းမာပင် #စုန်းချောင်း #အစုလိုက်အပြုံလိုက် #သတ်ဖြတ်ခံရ #Ayeyarwaddy_Times