ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇူလိုင်လ ၂၂ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်က ၂၀ ဦးနှင့် အထက်သေဆုံး နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့ကစတင်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၀၁ အနီးရှိ KTV တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လေး ဦးသေဆုံးခဲ့သည်။ ထိုသို့ တိုက်ခိုက်ပြီးနောက် မိုင်တိုင် ၁၀၁ အနီးရှိ တံတား တစ်စင်းနှင့် ကြေးနန်းမိုင်တိုင် ၁၀၉/၁၀ နှင့် ၁၀၉/၁၁ ကြား ရထားလမ်းပေါ်ရှိတံတားကိုလည်း တော်လှန်ရေး တပ်ဖွဲ့ များက ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
“ကျောက်တံခါးဘက်မှာက တိုက်ပွဲတွေဖြစ်နေတာကဟုတ်ပါတယ်။ တပ်တွေက ရင်ဆိုင် ထားရတယ်။ တိုက်ပွဲတွေကအချိန်မရွေးဖြစ်သွားနိုင်တယ်။ အဲ့ဒီနားဝန်းကျင်မှာ ထိတွေ့ နေတာ တွေကမကြာခဏဖြစ်ပွားနေတာမို့ အရေးပေါ်အခြေအနေလို့ပြောလို့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း သမင်အင်းကုန်းရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ နံဇရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အထက် သေဆုံးနိုင်ပြီး စစ်ကောင်စီဘက်မှ အထိနာသည့်အတွက် နံဇရွာရှိ နေအိမ် ခုနစ် လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသား သုံးဦးကိုသတ်ဖြတ်ခဲ့ကြောင်း ကျောက်တံခါး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
စစ်ကောင်စီတပ်နှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အမျိုး သမီးတပ်သားများ အသုံးပြုလာသည်ကိုတွေ့ရပြီး နဇံရွာတွင် ဇူလိုင်လ ၂၁ ရက်နေ့ ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့်ပစ်ခတ်ခဲ့သည့်အတွက် တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျောက်တံခါး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းကစတင်ပြီး စစ်ကောင်စီ တပ်များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ယခုအခါအတွင်လည်း စစ်ဝောာင်းမြစ်ကမ်း နဖူးရှိကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နဇံ ကျေးရွာအုပ်စုနှင့် တောင်ခင်ကျေးရွာအုပ်စုမှ ဒေသခံ ၅,၀၀၀ ဝန်းကျင် စစ်ဘေးရှောင် နေရကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကျောက်တံခါး #တိုက်ပွဲ #စစ်ကောင်စီတပ် #သေဆုံးမှုများ #အမျိုးသမီးများပါဝင် #Ayeyarwaddy_Times