နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၂၂ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများက ကုန်တင်ယာဉ်များကို ကင်းပုန်းဝတ်ကာ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ရှောင်လမ်းရှိ ဗိုလ်ချုပ်ရုပ်ထုအဝိုင်းနားတွင် စစ်ကောင်စီတပ်သားတွေက လက်အောက်ခံ ရဲ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များနှင့်အတူ ကင်းပုန်းဝတ်ကာ လာသမျှကုန်တင်ယာဉ်များကို ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကြားတောင်းယူနေကြောင်း ကုန်တင်ယာဉ်မောင်းသူများထံမှ သိရသည်။

“အောက်ကဘောင်ဘီးအစိမ်းရောင် အပေါ်က ဝတ်စကုတ်အစိမ်းရောင်ဝတ်ထားတဲ့ကောင်တွေက ပိုဆိုးတယ်၊ သူတို့က ည့ဉ်နက်တဲ့အထိ စောင့်ပြီးတော့တောင်းတာ၊ လာသမျှကားအကုန်တောင်းတာ ပေးနေရတယ်”လို့ ကုန်တင်ယာဉ်မောင်းသူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ကောင်စီတပ်နှင့်အတူ ကင်းပုန်းဝတ်စောင့်နေသည့်အဖွဲ့က လာသမျှကုန်တင်ယာဉ်များကို ခရာမှုတ် တားမြစ်တာမျိုးပြုလုပ်နေသဖြင့် ရန်ကုန်၊ ကျိုက်လတ် စသည့်မြို့နယ်များမှ မအူပင်မြို့နယ်သို့ လာသည့် ကားမှန်သမျှ ငွေပေးပြီး ဖြတ်သန်းနေရကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်အင်အားနည်းလာသည့်အတွက် စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်များအပြင် စစ်ကောင်စီတပ်သတင်းပေးများကို လုံခြုံရေးစောင့်ခိုင်းမှုများကြောင့် တချို့ဂိတ်များတွင် ငွေတောင်းခံမှုများပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#မအူပင်မြို့နယ် #စစ်ကောင်စီတပ် #ကင်းပုန်းဝတ်ငွေတောင်း #ကုန်တင်ကား #Ayeyarwaddy_Times