ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၂၂ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံအချို့ထံက သိရသည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့်က လောင်းလုံးမြို့နှင့် ၄ မိုင်ခန့်အကွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းဦး (အသက် ၅၃ ) နှစ်သည် နေအိမ်၌ ရှိနေစဥ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့်လာရောက် ပစ်သတ်ခဲ့ ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“အိပ်ပျော်နေတုန်း သေနတ်သံတွေ ကြားတော့နိုးလာတယ်။ နံနက် ၁ နာရီလောက်ပဲ ရှိသေးတယ်။ သူ့အိမ်မှာပဲ လာပစ်သွားတာ။ ဒု ဦးစီးမှူးက ပွဲချင်းပြီး သေသွားတယ်”ဟု လောင်းလုံးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု ဦးစီးမှူးပစ်သတ်ခံရ၍ သေဆုံးသွား ပြီးနောက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာအသီးသီးမှ Non CDM ဝန်ထမ်းများသည် CDM ပြုလုပ်သွားမည် ဖြစ်ကြောင်း Non CDM ဝန်ထမ်း တစ်ဦးထံက သိရသည်။

“အခု ကျွန်မတို့ စစ်ကောင်စီလက်အောက်မှာနေလည်း စစ်တပ်က ကျွန်မတို့ ဝန်ထမ်းတွေကို လုံခြုံရေးမပေးနိုင်ဘူးလေ။ ရုံးတွေဆိုလည်း အမြဲ ပစ်ခတ် တိုက်ခိုက်ခံနေရတယ်။ ဒါကြောင့် ကျွန်မတို့ CDM ပြုလုပ်ဖို့ဆုံးဖြတ် လိုက်ရတာပါ။ CDM ပြုလုပ်မှပဲ ကျွန်မတို့ အသက်အန္တရာယ်က ပိုလုံခြုံမှုရှိ တော့မှာ။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်ရင်း ကျွန်မတို့ အသက်တွေ အသေမခံ နိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ CDM ပြုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်”ဟု လောင်းလုံး မြို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်ကို မြို့ပေါ်တွင်သာ ထိန်းချုပ်နိုင်သည့် အင်အား ရှိပြီး ကျန်နေရာအများစုကို ပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

ထိုကြောင့် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီနှင့်ပတ်သက်သည့် ဌာနဆိုင်ရာ ရုံး၊ရဲစခန်း၊စရဖရုံး နှင့်စစ်ကောင်စီတပ် တို့မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံနေ ရကြောင်းသိရသည်။

ဓာတ်ပုံ-တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန

#လောင်းလုံးမြို့ #စစ်ကောင်စီလက်အောက်ခံ #စိုက်ပျိုးရေးဦးစီးဌာန #ဒုဦးစီးမှူးပစ်သတ်ခံရ #NonCDMဝန်ထမ်းများ #CDM #Ayeyarwaddy_Times