နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ရက်

ကရင်ပြည်နယ် မြဝတီမြို့အနည်းရှိ စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် စစ်ကောင်စီ၏ လက်ခက်တောင် ခံတပ်စခန်းတစ်ခုလုံးကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ယမန့်နေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ရှေ့တန်းစခန်းစွန့်ခွာ ထွက်ပြေးမှုများ ရှိလာကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

လက်ခက်တောင်ကုန်းစခန်းသည် ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ အဓိကအား အထားရဆုံး ခံတပ်စခန်းများအနက် စစ်ရေးဗျူဟာကျသည့် စခန်းဖြစ်ပြီး KNU/KNLA ၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကျားသစ်နက် နှင့် Federl Wins ပူးပေါင်းတော်လှန်ရေး အဖွဲ့များက စခန်းကုန်းအပါဝင် လက်ခက်တောင်ကြော တစ်ခုလုံးကို သိမ်းပိုက်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ကူကို တစ်နေ့လုံး တစ်ညလုံးသုံးပြီး ပြန်လည် တိုက်ခိုက်ပေမယ့် သူတို့စခန်းကို မထိန်းနိုင်ဘူး။ အသေအပျောက်များတယ်။ စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်” မြေပြင်တိုက်ခိုက်ရေး တွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် လက်နက်အမြောက်အများနှင့်အင်အားအများအပြား သုံးကာ မြဝတီမြို့ပေါ်ရှိ ခလရ(၂၇၅) တပ်မှ ၁၂၀-မမ များနှင့် အဆက်မပြတ် ပစ်ကူပေးထားပြီး မြေပြင်တွင်လည်း ခလရ (၂၇၅)စစ်ကြောင်း ၊ ခမရ(၁၁၈)စစ်ကြောင်း ၊ ခလရ (၂၀၇)စစ်ကြောင်း ၊ ခမရ (၃၅၆)စစ်ကြောင်း ၊ တပ်မ (၄၄) ၊ လ (၈) ၊ မ (၂) စစ်ကြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ခက်တောင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များပြီး စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိကာ တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် သုံးဦး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်း မြို့သိမ်း တိုက်ပွဲများကို ထိရောက်စွာ တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သည့် ဘက်က ဝိုင်းဝန်းကူညီကြရန် မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်၏ လက်ခတ်တောင်စခန်း သိမ်းပိုက်ခံရပြီးနောက် ကရင်ပြည်နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးလာမှုများ ရှိလာနေကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံက သိရသည်။

ပုံစာ-တော်လှန်ရေး အင်အားစုများက လက်ခတ်တောင်စခန်းကို သိမ်းပိုက်ထားစဉ်
#မြဝတီမြို့ #စစ်ကောင်စီတပ် #လက်ခက်တောင်စခန်း #သိမ်းပိုက်ခံရ #စစ်ကောင်စီတပ်သားအချို့ #စခန့်းစွန့်ခွာထွက်ပြေး #Ayeyarwaddy_Times