ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

စစ်ကောင်စီက ဒုတိယဝန်ကြီးများနှင့် ရဲချုပ်အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ် ပူးတွဲတာဝန်ခန့်အပ်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယခင်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ်တာဝန်ထမ်းဆောင်သူ ဗိုလ်ချုပ်ဇင်မင်းထက်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ရဲချုပ်အဖြစ် ပြောင်းလဲခန့် အပ်လိုက်ခြင်း ဖြစ်သည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းကိုမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရုံး ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ရဲချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အဆင့် မှ ရာထူး ထပ်မံတိုးမြှင့်ခံထားရသူဖြစ်သည်။

စစ်ကောင်စီတပ်သားများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကို တိုက်ရိုက်ကွပ်ကဲခဲ့သူမှာ ထိုစဉ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် နီလင်းအောင်ဖြစ်သည်။

ပုံစာ-ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ် ပူးတွဲတာဝန်ယူမည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်

#စစ်ကောင်စီ #ဒုတိယဝန်ကြီးများ #ရဲချုပ် #အပြောင်းအလဲပြုလုပ် #ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင် #Ayeyarwaddy_Times