ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို စစ်ကောင်စီတပ်မှ ယနေ့ နံနက်အစောပိုင်းက ၀င်ရောက်စီးနင်း၍ ကျေးရွာရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၀င်များကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၂၁ ရက် နံနက် ၂ နာရီ၀န်းကျင်အချိန်ခန့် တွင် စုန်းချောင်းရွာသို့ စစ်ကောင်စီတပ်ဖွဲ့၀င်များ ၀င် ရောက်လာပြီး ကာကွယ်ရေးတပ်ဖွဲ့၀င် ၃ ဦးကို နေရာတွင်ပင် သတ်ဖြတ်ခဲ့ပြီး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။
“မနက်အစောကြီး နှစ် နာရီလောက်ကြီး ၀င်စီးတာရွာကို။ ကင်းကျနေတဲ့ တပ်ဖွဲ့၀င်ရဲဘော်တွေက နေရာမှာတင် သတ်ခံလိုက်ရတယ်။ နောက်ထပ် လေးယောက် ကိုသူတို့ ဖမ်းခေါ်သွားတယ်။ ဒီမနက်သိရတာတော့ ဖမ်းခေါ်သွားတဲ့ လေးယောက်မှာ သုံးဦးရဲ့ အလောင်း ကိုထပ်တွေ့တယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ မသတ်ဘဲလွှတ်ပေးလိုက်တယ်။ ဘယ်လိုလုပ်လွှတ် လိုက်လည်းတော့မသိဘူး စိတ်ကပုံမှန်မဟုတ်တော့ ဘူ”ဟု ယင်းမာပင်-ဆားလင်းကြီးမြို့နယ် သပိတ် ကော်မတီအင်အားစုမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ စုန်းချောင်းရွာသည် စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်သူ လက်ရှိလာအိုသံ အမတ် ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာဖြစ်သည်။
“အရင်ကတော့ တစ်ခါမှ ရွာထဲကို ၀င်ပြီးစစ်ကြောင်း ထိုးတာ၊ ၀င်ဖမ်းတာ၊ သတ်တာမရှိဘူး။ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ အမျိုးတွေ၊ မိသားစုတွေမရှိတော့မှ ခုလိုလုပ်တာ။ ရွာရဲ့အနောက်ဘက်ကိုလည်း မီးရှို့သွားတယ်”ဟု ယင်းမာပင်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။
စစ်ကောင်စီတပ်သည် ယခုအခါတွင် စစ်ကိုင်းတိုင်း အတွင်းသို့ စစ်ကြောင်းထိုး၀င်ရောက်သည်မဟုတ်ဘဲ သတင်းအတိအကျဖြင့် ရောက်ရှိလာကာ ဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်ပြီးပါက စစ်ကြောင်းလှည့်ပြန်ကာ တပ်စွဲနေထိုင်ခြင်းမျိုးမပြုလုပ်တော့ကြောင်း သိရသည်။
ပုံစာ- စုန်းချောင်းရွာမှ PDF တပ်ဖွဲ့များထံမှ သိမ်းဆည်းရမိသည့်လက်နက်များဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်ပုံ
#စစ်ကိုင်း#ယင်းမာပင်#စုန်းချောင်း#ကာကွယ်ရေးတပ်ဖွဲ့၀င်#သတ်ဖြတ်ခံရ #Ayeyarwaddy_Times