ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်
မြန်မာ့ရုပ်ရှင် ဇာတ်လမ်းတွဲများရိုက်ကူးရာတွင် ရိုက်ကူးရေးမစတင်ခင် ဇာတ်လမ်း အကျဉ်းနှင့် အခန်းစဉ်များကို ဩဂုတ် ၁ ရက်နေ့မှစတင်ကာ ဗီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်သည်။
ရုပ်မြင်သံကြားလုပ်ငန်း လုပ်ကိုင်သူများနှင့် ထုတ်လုပ်ရေးလုပ်ငန်းများက ရိုက်ကူးမည့် မြန်မာဇာတ်လမ်းတွဲနှင့် ပတ်သက်ပြီး ခွင့်ပြုချက်ရယူရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံက သိရသည်။
“ဇာတ်လမ်းခွင့်ပြုချက် အရင်တင်ရမယ့်သဘောပဲ။ အရင်က ရုပ်ရှင်ကားကြီးပဲ ဇာတ်လမ်း တင်ရတာ အခုဇာတ်လမ်းတွဲပါတင်ရတော့မယ့်သဘော။ video နဲ့ ဇာတ်လမ်းတိုမပါဘူးပေါ့” ရုပ်ရှင်ထုတ်လုပ်ရေး အသိုင်းအဝိုင်းမှ အတွေ့အကြုံရှိသူ တစ်ဦးက ပြောကြားသည်။
ဇာတ်လမ်းတွဲ ရိုက်ကူးသူများအနေဖြင့် ရိုက်ကူးရေးမစခင် ဇာတ်လမ်းခွင့်ပြုချက်ကို တင်ရမည်ဖြစ်ကာ ပြင်ဆင်ရမည်ဖြစ်ကြောင်း ညွှန်ကြားလာပါက ပြင်ဆင်၍ ပြန်တင် ရမည်ဖြစ်ပြီး ခွင့်မပြုနိုင်သည့်ဇာတ်လမ်းတွဲများကိုလည်း အရဲစွှန့်တင်ကြည့်ရမည်ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ဇာတ်လမ်းတွဲအကျဉ်းနှင့် အခန်းစဉ်များအား ဆင်ဆာအဖွဲ့သို့ ပြသထားခြင်းမရှိဘဲ ဗီဒီယို ကြိုတင်ကာ ရိုက်ကူးထားသည့် ရုပ်သံဇာတ်လမ်းတွဲများအား တင်ပြပါက ဆင်ဆာကြည့်ရှုစစ်ဆေးမည်မဟုတ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက ထုတ်ပြန်ထားသည်။
#ရုပ်ရှင်ဇာတ်လမ်းတွဲဆင်ဆာ #Ayeyarwaddy_Times