ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဇူလိုင်လ ၂၁ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာရှိ အုတ်ဖြတ်စစ်တောင်းမြစ်ကူးတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယနေ့ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး (၆၀ မမ ဗုံးသီး) နှစ်လုံးဖြင့် ရမ်းသန်း ပစ်ခတ်၍ ဒေသခံ ၂ ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်ဖြတ် တံတားစစ်ကောင်စီစခန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် လယ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စပါးပေါင်းနုတ်နေသူ ၁၅ ဦးအနက် အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးထက်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ကိုစိုးသူတို့ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ဒီနေ့က ဘာတိုက်ပွဲမှ မရှိဘူး။ ဘာမှလဲမဖြစ်ပဲနဲ့ လက်နက်ကြီး နှစ်လုံးနဲ့ ရမ်းပစ်လိုက်တာပါ။ လယ်ကွင်းထဲမှာတော့ လူအုပ်လိုက် ကောက်စိုက်နေတာရှိတယ်။ သူတို့ဘက်က မှန်ပြောင်းနဲ့ကြည့်ပြီး လူများလို့ဆိုပြီး ပစ်ထည့်လိုက်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးများရမ်းသမ်းပစ်ခတ်လေ့ရှိသည့် အဆိုပါအုတ်ဖြတ်တံတား စစ်ကောင်စီ စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့်ပစ်ခတ်ခဲ့ရာ သဲအိတ်ဘန်ကာအတွင်း ကင်းစောင့်နေသည့် ရဲတပ်သား ထိန်လင်း၏ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တောင်းမြစ်ကူးတံတားများသည် စစ်ကောင်စီတပ်များအခြေစိုက်ရာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် အရေးပါသည့် တံတားများဖြစ်သည့်အတွက် စစ်ကောင်စီက တံတား လုံခြုံရေးအမြဲတမ်း ယူထား လေ့ရှိပြီး ဘေးပါတ်ဝန်းကျင်များသို့ လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ – အုတ်ဖြတ်တံတားပုံ
#ဖြူး #အုတ်ဖြတ်တံတား #စစ်ကောင်စီစခန်း #လက်နက်ကြီး #ဒေသခံထိမှန် #Ayeyarwaddy_Times