ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

စစ်ကောင်စီက လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုဖွံဖြိုးတိုးတက်လာစေရန်အတွက် လျှပ် စစ်သုံးယာဉ်များ အပါအဝင်လျှပ်စစ်စက်ဘီး (E-Bike ) များကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားပြီး လျှပ်စစ်ဘီး ( E – Bike) နှင့် Electric Motorcycle စီးနင်း အသုံးပြုသူများကို ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လျှပ်စစ်စက်ဘီးနှင့် ဆိုင်ကယ် စီးနင်းသူများကို မထင်ရင် မထင်သလို ဖမ်းဆီးမှုများရှိကြောင်း လျှပ်စစ်စက်ဘီးဖြင့် အလုပ်သွားသူ တစ်ဦးထံက သိရသည်။

“တရားဝင်တာလား၊ မဝင်တာလားမသိဘူး။ သူတို့ဖမ်းချင်ရင်ဖမ်းတယ်။ မဖမ်းချင်ရင်လည်း မဖမ်းဘူး။ တစ်ခါတလေကျရင်လည်း စက်ဘီးဦးထုပ်ပါရင် လွတ်ပေးတယ်။ တစ်ခါတလေကျရင်လည်း မလွတ်ပေးချင်လို့ ဖမ်းချင်ရင် ဖမ်းတယ်။ အရင်ကတော့ ရွေးလို့ရတယ်။ အခုနောက်ပိုင်းအပြီးသိမ်းတာလားမသိဘူး။ အခုနောက်ပိုင်းမှာ သေနတ်နဲ့ဆိုတော့ ပိုကြောက်ရတယ် ” ဟု လျှပ်စစ်စက်ဘီးဖြင့် အလုပ်သွား‌လေ့ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့တွင်းရှိ အချို့မြို့နယ်များတွင် စစ်ကောင်စီခန့် ရပ်ကွက်အာဏာပိုင်များက လျှပ်စစ်စီးဘီး နှင့်ဆိုင်ကယ်ရှိသူများကို လူပုံ၊နာမည်၊ဆိုင်ကယ်နှင့်တွဲလျက် ဓာတ်ပုံ ရိုက်ကာ လိုင်စင်သဘောမျိုး ပြုလုပ်နေကြောင်း သင်္ဃန်းကျွန်း မြို့နယ်တွင်နေထိုင်သူ တစ်ဦးထံက သိရသည်။

“မြို့ထဲမြို့နယ်တွေမှာစီးခွင့်မရှိဘူးပေါ့။ အခုနောက်ပိုင်းရပ်ကွက်အလိုက် လိုင်စင်ပုံစံ လုပ်ပေးတာတွေ့တယ်။ နာမည်နဲ့ရက်ကွက်အလိုက် ဆိုင်ကယ်နဲ့တွဲပြီးရိုက်ထားပြီး ဆိုင်ကယ်မှာကပ်ထားရတယ်။ နှစ်သောင်း၊ သုံးသောင်းလောက်တောင်းတယ်။ ဒီရပ်ကွက်ဆို ဒီရပ်ကွက်ပဲကျော်လို့မရဘူး။ လုပ်စားဈေးကွက်ဖြစ်နေတာပေါ့။ သူတို့ ပိုက်ဆံရှာတာပဲ” ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှု၊ လိုင်းကားခများဈေးတက်လာမှုကြောင့် နေ့စဉ်ရုံးတက်နေသူများသည် လျှပ်စစ်စက်ဘီးများကို ရွေးချယ်ဝယ်ယူလာပြီး ကီလို မီတာ ကွာဟချက်ပေါ် မူတည်ကာ ခရီးအဝေး၊ အနီးသွားနိုင်သဖြင့် သုံးစွဲသူများ လာကြောင်းဈေးကွက်အတွင်းက သိရသည်။

ရန်ကုန်မြို့အပြင် မန္တလေးမြို့တွင်လည်း လျှပ်စစ်စက်ဘီးနှင့် လျှပ်စစ်ဆိုင်ကယ် စီးနင်း သူများကို ဖမ်းဆီးမှုများရှိပြီး စစ်ဆေးရာတွင်ယာဉ်ထိန်းရဲ အပါအဝင် စစ်ကောင်စီ တပ်သားများပါရှိနေ၍ ရပ်တန့်ကာ အစစ်ဆေးခံ၊ ဖမ်းဆီးသိမ်းဆည်းခံရ ကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

လျှပ်စစ်စက်ဘီးနှင့်ဆိုင်ကယ်များသည် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ ဝင်ရောက်ခြင်းဖြစ်ပြီး မော်ဒယ်အမျိုးအစားအလိုက် တစ်စီးလျှင် ကျပ် ငါးသိန်းကျော်(၅၀၀,၀၀၀) မှ တစ်ဆယ့်နှစ်သိန်း(၁,၂၀၀,၀၀၀) ဝန်းကျင်အထိရှိပြီး အနည်းဆုံး တစ်နာရီလျှင် ၃၅ ကီလိုမီတာဖြင့် မိုင် ၄၀ နှုန်းမောင်းနှင်နိုင်ကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

စစ်ကောင်စီသည် CBU၊ CKD၊ SKD စနစ်တို့ဖြင့် ပြင်ပမှတင်သွင်းသည့် လျှပ်စစ်စက်ဘီး အပါအဝင် ဘတ္ထရီလျှပ်စစ်သုံးယာဉ် ၁၀ မျိုးကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အကောက်ခွန်နှုန်း သုညရာခိုင်နှုန်းလျှော့ချ သတ်မှတ် ထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကောင်စီသည် လျှပ်စစ်မီးပြတ်လပ်နေသည့်နိုင်ငံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စက်သုံးဆီချွေတာ ရေးနည်းလမ်း ဟုဆိုကာလျှပ်စစ်မော်တော်ယာဉ်များ တင်သွင်းမှုကို အားပေးနေပြီး ၎င်းတို့(စစ်ကောင်စီ)၏ အပေါင်းအပါခရိုနီများကို လုပ်ပိုင်ခွင့်များ ချပေးလျက်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ခေါက်ချိုးနိုင်သည့် လျှပ်စစ်စက်ဘီး

#စစ်ကောင်စီ #လျှပ်စစ်စက်ဘီးနှင့်ဆိုင်ကယ်များကို #အခွန်ကင်းလွတ်ခွင့် #တင်သွင်းခွင့်ပြု #စီးနင်းပါကဖမ်းဆီး #Ayeyarwaddy_Times