ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင်လ ၂၁ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် စစ်ကောင်စီရေတပ်ကဖမ်းဆီး သွားသည့် ကုန်စုံဆိုင်ပိုင်ရှင်မိသားစုလေးဦးနှင့် အလုပ်သမားအပါဝင်စုစုပေါင်း ခြောက် ဦးမှာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ မဂ္ဂင်ရပ်ကွက်မှာနေထိုင်သည့် ကုန်စုံဆိုင် မိသားစု ပိုင်ရှင်များဖြစ်ကြသည့် ဒေါ်စန်းမြင့်(ခ) ဒေါ်ဒီးဒုတ်၊ ဒေါ်မီးချို(ခ)ဒေါ်ချို၊ ဦးကျော်ဦး၊ ကိုကျော်ကျော် နှင့် အလုပ်သမားများဖြစ်ကြသည့် ကိုမင်းသူအောင် နှင့် ကိုကျန်ကျောင်း တို့ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကုန်စုံဆိုင် မိသားစု လေးဦးနှင့် အလုပ် သမားအပါဝင် စုစုပေါင်း ခြောက်ဦးကို ယမန်နေ့ ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီရေတပ်က ကားများဖြင့် ၎င်းတို့၏ နေအိမ်များကို ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ထွေထွေထူးထူးစစ်ဆေးတာမရှိဘူး။ အဓိကတော့သူတို့ရဲ့ ဖုန်းတွေကို စစ်ဆေး တယ်လို့ကြားရတယ်။ အဖွဲ့စည်းတွေနဲ့ ပတ်သက်တယ် အထင်နဲ့ပေါ့။ သူတို့က အေးဆေးနေတတ်တဲ့သူတွေပါ။ ဘာအပြစ်မှ မရှိလို့ ပြန်လွှတ်ပေးလိုက်တာ” ဟု ကံပေါက်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင် မိသားစု လေး ဦး နှင့်အလုပ်သမားပါဝင်ခြောက်ဦးကို ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက နေအိမ်နှင့် စျေးဆိုင်များတွင် စစ်ကောင်စီရေတပ်က အင်အား အများအပြားဖြင့် ဖမ်းဆီးခဲ့ပြီး ခြောက်ရက်အကြာတွင် ပြန်လည် လွတ်မြောက် လာခဲ့ခြင်းဖြစ်ကာ ရိုက်နှက်ခံထားရခြင်း မရှိကြောင်းသိရသည်။

စစ်ကောင်စီရေတပ်သည် ကံပေါက်ကျောက်တိုင်အနီး လျှပ်စစ်ပစ္စည်း အရောင်း ဆိုင်ပိုင်ရှင်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးနှစ်ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ၎င်းတို့၏ ဆိုင်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ငါးရက်ခန့်ကြာသည် အထိပြန်လည် လွတ်မြောက် လာခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ-ပြန်လည်လွတ်မြောက်သော ကုန်စုံဆိုင်ပိုင်ရှင်မိသားစုဝင်လေးဦး
#ရေဖြူမြို့နယ် #ကံပေါက် #စစ်ကောင်စီရေတပ် #ဖမ်းဆီး #ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင်များ #အလုပ်သမားများ #ပြန်လည်လွတ်လာ #Ayeyarwaddy_Times