ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဇူလိုင်လ ၂၀ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်က ဈေးဝယ်ပြီးပြန်လာသည့် ဒေသခံအမျိုးသားတစ်ဦးနှင့် အမြောက်တပ် (အမတ-၃၁၀) တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ဦးတို့ ဆိုင်ကယ်ချင်း တိုက်မိရာမှ တိုက်မိသူဒေသခံကို တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံ များထံက သိရသည်။

ချောင်းစောက်ရွာတွင်နေထိုင်သူ အသက် ၂၅ အရွယ်ရှိ ကိုချစ်လေးသည် သိမ်ဇရပ် မြို့ပေါ်မှဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီးအပြန်တွင် စစ်တောင်းတံတား (အဟောင်း)တွင် တာဝန်ကျသည့် စစ်ကောင်စီတပ်သား‌မောင်းနှင်းလာသော ဆိုင်ကယ်နှင့် တိုက်မိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်သား၏ ‌ဆိုင်ကယ်မှောက်သွားသည့်အတွက် ကိုချစ်လေးက တာဝန်ယူမည်ဟု ပြောဆိုသော်လည်းလက်မခံဘဲ တပ်ထဲမှစစ်သားများကို ဖုန်းဆက် လှမ်းခေါ်၍ အမတ-၃၁၀ တပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“ဒီဖြစ်စဉ်မှာဆိုရင် အဓိကကတော့ လူစိတ်မရှိတာပေါ့နော်။ မောက်မာတယ်၊ ရိုင်းစိုင်း တယ်၊ အာဏာပြချင်တဲ့သဘောကို အခြေခံနေတယ်။ လူကိုလူလို တန်ဖိုးမထားတဲ့ စစ်တပ်ရဲ့သဘောတွေကိုလည်း ဖော်ပြနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုချစ်လေးမှာ အမြောက်တပ်-၃၁၀ တပ်ရင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး နောက်တစ်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် သေဆုံးပြီဖြစ်၍ အလောင်းလာရောက် ထုတ်ယူရန် မိသားစုကို စာပို့အကြောင်းကြားခဲ့ပြီး ကိုချစ်လေး၏ ခန္ဓာကိုယ် ဦးခေါင်းနှင့် ကိုယ်လက်ညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာများကို တွေ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ ရိုက်နှက်သက်ဖြတ်ခြင်းကြောင့် သေဆုံးသူ ကိုချစ်လေးမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သတ်ခြင်းမရှိသည့် သာမာန်အရပ်သားတစ်ဦးဖြစ်ပြီး ကိုချစ်လင်း၏ ဆိုင်ကယ်ကိုလည်း ပြန်လည်ပေးခြင်းမရှိကြောင်း သိရသည်။

သေဆုံးသူ ကိုချစ်လေးတွင် ဇနီးဖြစ်သူ ကျန်ရစ်ခဲ့ပြီး ၎င်း၏သေစာရင်းကို သိမ်ဇရပ်တိုက်နယ်ဆေးရုံမှ ဒေါက်တာမြတ်ဆုဝေလက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုသေစာရင်းတွင် ဖော်ပြထားသည့်အတိုင်း ကိုချစ်လေးမှာ ဇီးပြောင်း ၁ ရွာသားမဟုတ်ဘဲ ချောင်းစောက်ရွာသားဖြစ်ပြီး အိမ်ဆိုင်ဖွင့်ထားသည့် သာမန်အရပ်သားသာဖြစ်ကြောင်း သိရသည်။

သိမ်ဇရပ်မြို့တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိကာ ဇူလိုင် ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ တပ်၏ စက္ကူစက်ဂိတ်က ဈေးလာဝယ်သော သုံးဘီးယာဉ်များကို ဖမ်းဆီးခြင်း၊ ခမရ ၂၀၇ နှင့် အမှတ် ၃၁၀ အမြောက်တပ်တို့မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းများ ရှိနေသည်။

ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာမှ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုကျော်ဇင်လတ်မှာ အမှတ် ၃၁၀ အမြောက်တပ်မှ အငြိမ်းစားတပ်ကြပ်ကြီးတင့်ရွှေ၏ ချွေးမဖြစ်သူနှင့် အချင်းများမှုကြောင့် ခမရ ၂၀၇ သို့ ဖမ်းဆီးခေါ်ဆောင်ကာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။

ထို့အပြင် သိမ်ဇရပ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကလည်း သိမ်ဇရပ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟသည် အုပ်ချုပ်ရေးမှူးမိသားစုအပါအဝင် လူငါးဦးကိုကားဖြင့်တိုက်ကာ သေနတ် ပစ်ဖောက်ခြိမ်းခြောက်ခဲ့ပြီး တိုက်ခံရသူအချို့မှာဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – ပေးပို့
#ကျိုက်ထို #သိမ်ဇရပ် #အမတ၃၁၀ #ဒေသခံ #သတ်ခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times