ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၀ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ နမ့်ဖတ်ကာရွာအရှေ့ဘက် ကောင်းရာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA တပ်ရင်း ၉ မှ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်ဖတ်ကာရွာအရှေ့ဘက် လားရှိုး-မူဆယ်လမ်းဘေး ကောင်းရာရွာတွင် လအတန်ကြာတပ်စွဲ ထားသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ် ခလရ ၁၂၃ တပ်စခန်း ကုန်းကို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ကချင်လွတ် လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၉ မှ ၀င်ရောက်တိုက်ခိုက်ရာ စခန်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ကောင်းရာရွာမှာ တပ်စွဲထားတာ သုံးလကျော်လောက် ရှိပြီ။ လားရှိုး-မူဆယ် လမ်းဘေးဆိုတော့ ကျွန်တော်တို့ရဲ့လမ်းကြောင်းကို ထိန်းချုပ်ချင်တဲ့ သဘောမှာရှိတယ်။ အဲဒါကြောင့် စခန်းထိုင်ပြီး တပ်စွဲထားတာ။ ကျွန်တော်တို့က ၀င်စီးတာ၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ် သူပစ်ကိုယ်ပစ်နဲ့ တစ်နာရီနီးပါးကြာ အပြင်းအထန်ဖြစ်ခဲ့တာပါ။ စခန်းကိုချေ မှုန်းနိုင်ခဲ့ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းသို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်မှ ယင်းတပ်စခန်းကုန်းနေရာတွင် တပ်စွဲမည်မဟုတ်ကြောင်းနှင့် စစ်ကောင်စီတပ်ဘက်မှ အင်အားများထပ်မံဖြည့် တင်းထားပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ စခန်းကုန်းသိမ်းခံ ရသည်ကို စစ်တပ်သတင်းဝါဒဖြန့်ချန်နယ်များတွင် နမ့်ဖတ်ကာတိုက်ပွဲတွင် KIA တပ်မှ ရဲဘော်များကို တိုက်ခိုက်နိုင်ခဲ့ပြီး ၎င်းတို့ဘက်မှအကျအဆုံးမရှိ ကြောင်း လိမ်လည်သတင်းဖုံး၍ ရေးသားထား သည်။
အလားတူ ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမြို့ အနီးတွင် စစ်ကောင်စီတပ်က တပ်ရင်း တပ်ဖွဲ့များ အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲဖြစ်ပွါးခြင်းမရှိသေးခြင်းမှာ စစ်ကောင်စီတပ်ဘက်မှ အရာရှိများကို ဖမ်းဆီးစစ်ဆေးနေသည့်အတွက် ဖြစ် နိုင်ကြောင်း ကချင်စစ်ရေးသတင်းမြစ် တစ်ဦးက ပြောသည်။
ပုံစာ- KIA တပ်ဘက်မှ သိမ်းဆည်းရမိသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ဖော်ပြထားသည့်ပုံ
#ရှမ်းမြောက်#နမ့်ဖတ်ကာ#စစ်ကောင်စီတပ်#ခလရ ၁၂၃#စခန်းကုန်း#KIA#တိုက်ခိုက်