ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်သား ၃၀ ကျော်လိုက်ပါလာသည့် စက်လှေသည် ဇူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်က ထားဝယ်မြစ်၀တွင် နစ်မြုပ်ခဲ့သည်။
ထိုသို့ စက်လှေနစ်မြုပ်ပြီးနောက် သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်၏ အလောင်းများသည် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြစ်အတွင်း ပုတ်ပွ ပြန့်ကြဲကာ ပေါ်လာကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ စစ်လှေသည် လောင်းလုံးမြို့ မှ သရက်ချောင်းဘက်သို့ စစ်ကူသွားရန် ထွက်လာစဥ် သပြေရှောင်ကျေးရွာနှင့် ရှင်မော်ကြားရှိ ထားဝယ်မြစ်အတွင်း နစ်မြုပ် ခဲ့ခြင်းဖြစ်သည်။
“အလောင်းတွေက ဟိုနေရာတွေ့ဒီနေရာတွေ့ပဲ။ ပုပ်ပြီးတော့ တစ်ဖြေဖြေးပေါ်လာနေတယ်။ ဘယ်လောက်သေကုန်ကျတယ်တော့ သေချာမသိရသေးဘူး။ စက်လှေပေါ်မှာ လက်နက် ခဲယမ်းတွေလည်း တော်တော်များများပါလောက်တယ်” လို့ ထားဝယ်မြစ်အတွင်းရှိ ရေလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် လှေနစ်ကာ သေဆုံးသွားသည့် ၎င်းတို့ စစ်ကောင်စီတပ်သား များ၏ ရုပ်အလောင်းများကို ရှာဖွေရန်အတွက် ရေကူးကျွမ်းကျင်သည့် ဒေသခံအချို့ကို ဝိုင်းဝန်း၍ ရေငုပ်ရှာဖွေပေးရန် ပြောဆိုခဲ့သော် လည်း လိုက်ပါကူညီသူ မရှိခဲ့ပေ။
ထို့ပြင် စစ်ကောင်စီတပ်သားများ၏ အလောင်းများကို သယ်သူရန် ကားနှင့် ထွက်ခွာလာ သည့် စစ်ကောင်စီတပ်ကားကို ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က သရက်ချောင်းမြို့ ပိတိုင်တောင်တွင် ထပ်မံမိုင်းဆွဲခံကြောင်းသိရသည်။
ထိုသို့ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးခဲ့ပြီး ကားမှာမူ နောက်ကြောင်း ပြန်လှည့်သွားကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-ထားဝယ်မြစ်ပုံဟောင်းဖြစ်သည်
#ထားဝယ် #စက်လှေနစ်မြုပ် #ထားဝယ်မြစ် #စစ်ကောင်စီတပ်သားအလောင်းများ #မြစ်အတွင်းပြန့်ကြဲပုပ်ပွ #စစ်ကောင်စီကား #မိုင်းဆွဲ၃ဦးသေ #Ayeyarwaddy_Times