နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ တွေ့ဆုံခဲ့ရသည့် မိုင်းလားဆွေးနွေးပွဲ ပျက်သွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA) တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာကြောင်း အဆိုပါ EROs များထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (ULA/AA)၊ PSLF/TNLA ၊ MNTJP/MNDAA တို့သည် ပြီးခဲ့သည့် ဇွန်လအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့တွင် ဆွေးနွေးခဲ့ကြသည်။

ဇွန်လ ၁ ရက်နေ့တွင် စတင်ဆွေးနွေးခဲ့ပြီး မူလက သုံးရက်တာ ဆွေးနွေမည်ဟု ထုတ်ပြန် ခဲ့သော်လည်း မည်သည့်သဘောတူညီချက်မှ ရရှိခြင်းမရှိဘဲ ဒုတိယနေ့ (ဇွန်လ ၂ ရက်)တွင် ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ကာ စစ်ကောင်စီတပ်သည် ဇွန်လ ၂ ရက်နေ့မှ စတင်၍ အထူးဒေသ(၁) မူပန်ခရိုင်၊ ပြင်းတောင်ရွာအနီးရှိ ကိုးကန့် – MNDAA တပ်ဖွဲ့၏ ယာယီတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းနှင့် ကောင်းခမ်းကျေးရွာကြားတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၆၉) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထံက သိရသည်။

“ကျွန်တော်တို့ရှိတဲ့နားကို သူတို့(စစ်ကောင်စီ) စစ်ကြောင်းထိုးပြီး တက်လာတယ်။ အဲဒီနေ့ကတော့ ကျွန်တော်တို့အရင်စပြီး တိုက်တာပေါ့နော်။ တိုက်ပွဲဖြစ်ပွားပြီးတော့ ညနေလောက်ကျတော့ ကွတ်ခိုင်ဘက်ကနေ သိန္နီဘက်ကို သူတို့ယာဉ်တန်း ပြန်ဆင်းလာတယ်။ အဲဒီမှာ ကျွန်တော်တို့နဲ့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သလို ထိုနေ့ ညနေပိုင်းတွင်လည်း ကွတ်ခိုင်ဘက်မှ သိန္နီမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်၏ စစ်ကား ခုနစ် စီးကို TNLA က ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့(စစ်ကောင်စီ) ထိုးစစ်ကတော့ ရှိနေတယ်။ တချို့နေရာမှာတော့ သူတို့နဲ့ တော်တော်လေး နီးနီးစပ်စပ်ဖြစ်နေတော့ တိုက်ပွဲဖြစ်ပွားတာရှိတယ်။ တချို့နေရာတော့ အဲလိုမျိုး နီးစပ်မှုတော့ မရှိဘူး။ ထိုးစစ်ကတော့ အရင်ကတည်းကလည်း ရှိနေတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကြောင့် ယခုလ ဇူလိုင်လအတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မိုင်းငေါ့မြို့နယ် တစ်ကြိမ်၊ မူဆယ်မြို့နယ်တွင် တစ်ကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် တစ်ကြိမ် စုစုပေါင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွါးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ထိုးစစ်ကတော့ နေရာတကာတော့ ရှိတယ်။ တကယ်လို့ သူတို့(စစ်ကောင်စီတပ်)က လာရောက်တိုက်ခိုက်ရင်တော့ တိုက်ပွဲဖြစ်ပွားတယ်ပေါ့။ သူတို့အပေါ်မှာပဲ မူတည်တယ်။ သူတို့က လာမတိုက်ဘူးဆိုရင်တော့ တိုက်ပွဲကတော့ မဖြစ်ဘူးပေါ့။ ငြိမ်နေတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဆိုသည်။

လက်ရှိတွင် မြေပြင်၌ စစ်ကောင်စီတပ်နှင့် TNLA တို့အကြား နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်ကာ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း လမ်းမများပေါ်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ ပူးတွဲလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းကလည်း လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ လွိုင်လင်ကျေးရွာနှင့် မန်ကန်ကျေးရွာကြားတွင် ကိုးကန့် – MNDAA ၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဓာတ်ပုံ – PSLF/TNLA

#မိုင်းလားဆွေးနွေးပွဲ #စစ်ကောင်စီတပ် #ထိုးစစ်ဆင်မှုများ #မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ #တိုက်ပွဲဆက်တိုက်ဖြစ်ပွား #Ayeyarwaddy_Times