နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၀ ရက်

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်ရှိ ၎င်းတည်နေသည့် မာရဝိဇယဘုရားကို ယာယီသမ္မတ ဦးမြင့်ဆွေနှင့် သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် စစ်ခေါင်းဆောင်ဟောင်းများအား ခေါ်ယူပြသ အလှူခံခြင်းသည် ထောက်ခံမှုအားကောင်းအောင် စည်းရုံးခြင်းအပြင် မှားမှားမှန်မှန် ညီညွတ်ကြောင်း ပြသခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများဆိုသည်။

စစ်ခေါင်းဆောင်သည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကို တည်နေပြီး ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က စစ်ခေါင်းဆောင် ဟောင်းများအား ခေါ်ယူပြသခဲ့သည်။

“ဒီလို ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါကာ လုပ်နေပါတယ်ဆိုတဲ့ဟာက စည်းရုံးသိမ်းသွင်းရေးဆိုင်ရာ ကိစ္စတစ်ချက်လည်း ဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံတွင်း မှာရှိတဲ့ လူအများစု ကိုးကွယ်တဲ့ ဘာသာနဲ့ တူညီတဲ့သဘောထား၊ လူအများစုကိုးကွယ်တဲ့ ဘာသာက လက်ခံပြီးတော့ လေးစားရတဲ့ အပြုအမူ၊ အမူအကျင့်မျိုး ဆောင်ရွက်တယ် ဆိုတဲ့ သိမ်းသွင်းမှုနဲ့ သူ့ကို (ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်) လက်ခံလာဖို့၊ ထောက်ခံလာဖို့ လုပ်တဲ့ဟာလည်းပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် အဆိုပါဘုရားကို တည်ထားကိုး ကွယ်ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်ဟောင်း များအား ရှင်းပြခဲ့သည်ဟု သိရသည်။

“နောက်တစ်ခုကတော့ သူရဲ့ သက်ဆိုင်ရာလူတွေကြားထဲမှာ သူရဲ့စုဖွဲ့မှု အင်အားကောင်းလာအောင်၊ သူ့ကို ထောက်ခံမှု အားကောင်းလာအောင်၊ စုဖွဲ့ဖို့လိုအပ်တဲ့ မဟာမိတ်အဖြစ် အင်အားအရ သူ့ကိုထောက်ခံဖို့ လိုအပ်တဲ့လူတွေကို ရင်းပြီးတော့ ဘာသာရေးခေါင်းစဉ်အောက်မှာ ဒီလိုမျိုး သူ့ကို ထောက်ခံလာဖို့ ကြိုးစားတဲ့ ကြိုးစားမှုလည်း ဖြစ်နိုင်တယ်။ တော်ရုံတန်ရုံ ဘာသာရေးခေါင်းစဉ်အောက်ကနေ ခေါ်ပြီးတော့ စည်းရုံးတာ၊ ဒါမှမဟုတ် တွေ့ဆုံတာမျိုးဆိုရင် မငြင်းကြဘူးပေါ့နော်။ ငြင်းဖို့ကလည်း ခက်တာကိုး” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်သည်။

စစ်ခေါင်းဆောင် တည်သည့်ဘုရားကို ဇူလိုင်လ ၁၆ ရက်က လာရောက်သူများထဲတွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်း ဦးသိန်းစိန်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သူ ဦးတင်အေး၊ လက်ရှိကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးခင်ရီနှင့် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားတပည့်အများအပြားလည်း ပါဝင်နေပြီး မတည်အလှူငွေများ စုပေါင်းလှူဒါန်းခဲ့ ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် နိုင်ငံရေး ရည်ရွယ်ချက်မပါဘဲ မည်သည့်အလုပ်ကိုမှ မလုပ်သလို ထိုအရာသည် ၎င်းလက်အောက်ခံ စစ်တပ်ကို အဓိကပြခြင်းဖြစ်ပြီး အမျိုးဘာသာ သာသနာဆိုသော စကားလုံးကိုလည်း သွင်သွင်သုံး၍ ဘာသာသာ သနာလုပ်သည့် ခေါင်းဆောင်ပုံစံမျိုး ပြသကာ ပြည်သူလူထုအား စည်းရုံးခြင်း ဖြစ်ကြောင်း တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ပုံတွေမှာ ကြည့်ရတာ ဦးသိန်းစိန်တို့လည်း ပါတာတွေ့တယ်။ ဟိုးအရင် နဝတ လက်ထက်က သူတွေလည်း တွေ့လိုက်တယ်။ နအဖလက်ထက်က သူတွေလည်း တွေ့ရတယ်။ အဓိကကတော့ စစ်ခေါင်းဆောင်တွေ အကုန်လုံး ပြန်တွေ့ရတယ်။ ဘာကိုပြချင်တာလည်းဆိုတော့ စည်းလုံးညီညွတ်တယ်ဆိုတာ ပြချင်တာ။ ဘယ်သူ့ကို ရည်ရွယ်တာလည်းဆိုတော့ စစ်တပ်ကိုပေါ့။ အစဉ်အဆက် လုပ်ခဲ့သမျှ တပ်မတော် ခေါင်းဆောင်တွေက ဘယ်လိုပဲမှားမှား/မှန်မှန် တို့ကတော့ တစ်သားတည်းပဲ ရပ်တည် နေတယ်။ ငါတို့ခေါင်းဆောင်တွေက ညီညွတ်တယ်ပေါ့၊ ဒါကို သူ့(ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်) လက်အောက်ငယ်သားတွေကို ပြချင်တာ” ဟု ဦးဇော်ရန်းက ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ထိုသို့ ဘုရားတည်ကြောင်းပြသကာ အလှူခံနေသော်လည်း အာဏာသိမ်းပြီးသည့် အချိန်မှစတင်၍ ၂၀၂၃ ခုနှစ် ဇွန်လလယ်အထိ ၎င်း၏ စစ်ကောင်စီတပ်သည် စစ်ကိုင်းတွင် အိမ်ခြေပေါင်း ငါးသောင်းကျော် (၅၃၈၁၆) လုံး၊ မကွေးတွင် အိမ်ခြေပေါင်း တစ်သောင်းကျော် (၁၀၄၅၁) လုံး ၊ ချင်းပြည်နယ်တွင်း အိမ်ခြေပေါင်း ၁၆၃၇ လုံးကို မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် အိမ်ဏာသိမ်းယူထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် လူပေါင်း ၃,၈၁၃ ဦး ကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ခေါင်းဆောင် #မာရဝိဇယဘုရား #စစ်ခေါင်းဆောင်ဟောင်းများ #ညီညွတ်ကြောင်း #ပြသခြင်းဖြစ်
#Ayeyarwaddy_Times