ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၂၀ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်အရာရှိ ၁ဦး အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)ထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့သည် ယမန်နေ့၊ ဇူလိုင် ၁၉ ရက်နေ့တွင် ငါး ကြိမ်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)၏ ဒုတပ်မဟာမှူးဆလိုင်းမနားနိုင်း၊ Victoria တပ်ရင်းမှူး ဆလိုင်းဟာတမ်၊ Vakok ဒုတပ်ရင်းမှူးဆလိုင်းဘူးမောင်းနှင့် ရဲဘော်တချို့(မစိုးရိမ်)ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“မြတ်နိုးသူကုမ္ပဏီ ၆ မိုင်တိုက်ပွဲမှာ CDFဘက်က လေး ဦး(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုများတယ်။ လောင်းရှည် ဘက်ကို သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့က ည ၆ နာရီလောက်မှာ မဆာတွီ ရွာထဲကို ဝင်သွားကြတယ်။ ဒီနေ့လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိသူများတယ်” ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်) တာဝန်ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲများကြောင့် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်နယ်စပ်ရှိ ကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အသုံး အဆောင်ပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေး တပ်ဖွဲ့(ကန်ပက်လက်)က ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ-CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်များ
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #တိုက်ပွဲဖြစ်ပွား #စစ်ကောင်စီတပ် #အရာရှိအပါအဝင်၁၈ဦးသေဆုံး #ဒေသကာကွယ်ရေးတပ် #ရဲဘော်တချို့ဒဏ်ရာရရှိ #Ayeyarwaddy_Times