ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင်လ ၁၉ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ပွါးနေသဖြင့် ဒေသခံပြည်သူ ၂၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

စစ်ကောင်စီက ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ မဆွာတွီကျေးရွာကို လေကြောင်းဖြင့် ဗုံး ငါးလုံးကြဲချခဲ့သဖြင့် BCMဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ငါူလုံးပျက်စီးသွားကြောင်းဒေသခံများထံမှ သိရသည်။

” ဆောမြို့ကနေ တက်သွားတဲ့ စစ်ကောင်စီအင်းအား ၁၅၀ ဝန်းကျင်ဟာ အင်းချောင်းအတိုင်းတက်သွားကြပြီး ရွှေတောင်နားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဒီနေ့မနက်လည်း တိုက်ပွဲဖြစ်ပွားနေတယ်။ ရွှေတောင်နားမှာ လက်နက်ကြီး၊ လက်နက်ကြီးလက်နက်ငယ်သံတွေကြားနေရတယ်။တိုက်ပွဲဖြစ်ပွားနေတယ်လို့ယူဆရတယ်။ အသေးစိတ်ကိုစုံစမ်းနေတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒေသကာကွယ်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာနေသော စစ်ကောင်စီတပ်သည် လေကြောင်းပါအသုံးပြုလာပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန်တွင် မကွေးတိုင်း၊ ဆောမြို့မှ အင်အား ၁၇၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ဘက်သို့ ထပ်မံဦးတည်လာခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်ဘက်သို့ ဦးတည်လာသော စစ်ကြောင်းနှစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေပြီး အနီးအနားရှိ ပြည်သူများ သတိရှိရန်နှင့် အဝေးရောက်မိဘပြည်သူများအနေဖြင့်လည်း အမိမြေကို ထိုးစစ်ဆင်ခြင်းခံနေရချိန်တွင် ကျရာကဏ္ဍမှ နိုင်ရာဝန် ထမ်းပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)က အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ-လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။
#ချင်းပြည်နယ် #ကန်ပက်လက်မြို့နယ် #တိုက်ပွဲဆက်လက်ဖြစ်ပွား #ဒေသခံ၂၀၀၀ကျော် #ထွက်ပြေးတိမ်းရှောင်နေရ
#Ayeyarwaddy_Times