ဧရာဝတီတိုင်းမ်သတင်းအဖွဲ့
ဇူလိုင် ၁၉ ရက်

လွန်ခဲ့သော ၇၆ နှစ်က ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သက်တော်စောင့်တစ်ဦး တို့ကို မသမာသူလူတစ်စုက ဤနေရာ (ရန်ကုန်ဝန်ကြီးများရုံး) တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက အတွင်းဝန်ရုံး ( ယခင်ဝန်ကြီးများရုံး) ထဲရှိကောင်စီရုံးခန်း၌ ဗဟိုအလုပ်မှုဆောင်အစည်းဝေးကျင်းပနေချိန်တွင် အာဇာနည် ခေါင်းဆောင် ကြီးများလုပ်ကြံခံရသဖြင့် တိုင်းပြည် အတွက်ဝမ်းနည်းဖွယ်ရာ အကောင်း ဆုံး နှင့်အထင်ရှားဆုံးသမိုင်းဝင်အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင် နှင့် ရဲဘော်ကိုထွေးတို့ လုပ်ကြံခံရ၍ ကျဆုံးခဲ့ရခြင်းသည့် နိုင်ငံတော် လုပ်ကြံမှု ပင်ဖြစ်သည်။

ထိုနေရာ(အတွင်းဝန်ရုံး)တွင် မြန်မာ့လွတ်လပ်ရေးရရှိရန် ကနဦးလုပ်ဆောင်ချက်များ ဖြစ်သည့် ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၃၂ ခုနှစ် အိန္ဒိယမှ ခွဲထွက်ရေးအတွက် မြန်မာ့ဥပဒေပြုရေးကောင်စီရဲ့ ရွေးကောက်ပွဲ၊ ၁၉၃၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံက ခွဲထွက်ပြီးနောက်ပိုင်း “၁၉၃၅ ခုနှစ်မြန်မာနိုင်ငံအုပ်ချုပ်ရေးအက်ဥပဒေ” အဖြစ် ပြောင်းလဲလာမှု များအားလုံး သန္ဓေတည်ခဲ့သည်။

ထို့နေရာသည် ဗြိတိသျှအစိုးရလက်ထက်အစိုးရ ရုံးစိုက်ရာအတွင်းဝန်ရုံးဆီသို့ ဦးတည်ကာ တက္ကသိုလ် ကျောင်းသားများ ကိုလိုနီ နယ်ချဲ့အစိုးရကို မကြာခဏဆန္ဒပြရာ နေရာလည်း ဖြစ်ခဲ့သည်။

ထိုနေရာတွင် အလုပ်သမားသပိတ်နှင့် ပူးပေါင်းကာဆန္ဒပြသည့် ကျောင်းသားများကို စစ်ပုလိပ်များကဖြိုခွင်းကာ ရိုက်နှက်ခဲ့မှုကြောင့် ယုဒသန် ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရသည်။

ကိုအောင်ကျော်ကျဆုံးခဲ့သည့် အတွင်းဝန်ရုံး အနောက်ဘက်ခြမ်းလမ်းကို ဗိုလ်အောင် ကျော်လမ်းဟု ဂုဏ်ပြုခေါ်တွင်ခဲ့ပြီးအဆိုပါ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့် ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာနေသူများ ရုတ်တရုတ်ရပ်ဆိုင်းသွားသည်။

တစ်စုံတစ်ယောက်ကစေ့ဆော်လိုက်သလို အားလုံးရပ်တန့်သွားခြင်းဖြစ်သည်။

စက်ဘီးစီးလာသည့် ဒယ်လီဗလီပို့သူ လူငယ်လေးက စက်ဘီးပေါ်ကဆင်းကာ ကား လမ်းမကြီး ဘေးကပ် ရပ်လိုက်သည်။ ကွမ်းယာဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်ဖြစ်သူက ယာလက်စကွမ်းယာကို ရပ်ကာ မတ်မတ်ထိုင်လျှက်။ လမ်းလျှောက်လာ နေသူများက ရောက်သည့်နေရာတွင် ခြေစုံရပ် နေကြသည်။ စစ်တပ်က အာဏာသိမ်းထား၍ ဝမ်းရေးခက်ခဲစွာ ရှာဖွေနေရချိန်တွင်လည်း ပြည်သူများက အာဇာနည်နေ့ကို မမေ့ကြသေးပေ။

မြန်မာ့သမိုင်းအထင်အရနေ့၊ ပြည်သူတစ်ရပ်လုံးကြေကွဲရသည့်ဝမ်းနည်းဖွယ်နေ့၊ အာဇာ နည်များ ကျဆုံးရာ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ် တိတိအချိန်တွင် ဟွန်းတီးသံများ မြည်ဟီးစွာ ပဲ့တင်ထွက်ပေါ်လာသလို လမ်းပေါ်ရှိလူများက ခြေစုံရပ်ကာ ဂုဏ်ပြု ဦးညွတ်နေကြသည်။

လိုင်းကားဆရာများ၊ အိမ်စီးကားများအပါအဝင် တက္ကစီယာဉ်မောင်းများက အချက်ပြပေးရန် မလိုဘဲ ပြိုင်တူ ဟွန်းသံများစီစီညံအောင်တီးလိုက်ကြသည်။

“ဒီနေ့အာဇာနည်နေ့မှန်းသိလို့ ၁၀ နာရီခွဲလောက်က အိမ်ပေါ်ကဆင်းလာတာ။ လမ်းထိပ် ထွက်လာရင်အတော်ပဲ ဆိုပြီးတော့ထွက်လာတာ လူတွေအားလုံးက ကြိုတင်ပြီး ငြိမ်သက်နေတာတွေ့လိုက်ရတော့ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွှေးတွေ ထ သွားတယ်” ဟု အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။

စစ်အာဏာရှင်လက်ထက်တွင် ပြည်သူများ၏ လူမှုစီးပွားရေးသည် အဖက်ဖက်မှ ယိုယွင်း ဆုတ်ယုတ်လျက်ရှိနေပြီး ကုန်ဈေးနှုန်းမြင့်မားသည့်ဒဏ်ကိုပါ ခါးစည်းခံ နေရသည်။

ယခုလို စစ်ကောင်စီ၏ဒဏ်ကို ခံနေရသည့် ကာလမျိုးတွင်ပင် ပြည်သူများမှာ အာဇာနည်နေ့ကို တခုတ်တရနှင့် ဝမ်းနည်းနေဆဲ၊ အောင်မေ့တမ်းတနေကြဆဲဖြစ်သည်။

ယခုနှစ် ၇၆ ကြိမ်မြောက် အာဇာနည်နေ့ကျင်းပရာတွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်တို့ကို အများပြည်သူများလေ့လာစေနိုင်ရန် ဖွင့်လှစ် ထားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ကြေညာထားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အာဇာနည်ဗိမာန်၌ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေချရာတွင် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေး ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဦးကိုကို၊ ညှိနှိုင်းကွပ်ကဲရေးမှုး ( ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့တက်ရောက်ပြီး လွမ်းသူ့ပန်းခွေ ချကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဓမ္မ အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်က အာဇာနည်နေ့ အခမ်းအနားကို သမ္မတဦးဝင်းမြင့်တို့နှင့်အတူ တက်ရောက်ခဲ့သည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းယူပြီးနောက် အာဇာနည်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမရှိတော့သလို တစ်ဆင့်နှိမ့်၍ ကျင်းပခဲ့သည်ကိုလည်း တွေ့ရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဇာနည်နေအခမ်းအနားသို့ ၎င်းကိုယ်တိုင် တက်ရောက်ခြင်းမရှိသလို ၎င်းဖမ်းဆီး ထောင်ချထားသည့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တက်ရောက်ခွင် မပြုခဲ့ပေ။

စစ်ကောင်စီသည် အာဇာနည်နေ့အကြောင်း လေ့လာနိုင်ရန်ဖွင့်လှစ်ထားသည့် အတွင်းဝန်ရုံးတွင် လုံခြုံရေးအထူးတင်းကျပ် ထားသည်။ ဘေးပတ်လည်တွင် ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ယာဉ်ထိန်းရဲများပါဝင်စောင့်ကြည့်နေသည်။

လုံခြုံရေးဝန်ထမ်းအမျိုးသမီးက အကာအရံကင်းမဲ့နေသည့် သိမ်ဖြူလမ်း လယ် ခေါင်တွင် လာရောက် လေ့လာသူအမျိုးသမီးများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကိုင်တွယ် စစ်ဆေးနေသည်။ ထို့ပြင် အတွင်းဝန်ရုံးအတွင်းသို့ ဝင်ရောက်လိုသူများသည် မှတ်ပုံတင် ကဒ်ပါမှ သာဝင်ရောက်နိုင်မည်ဖြစ်သည်။

အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားသည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အထက်တန်း ကျောင်းများမှ ဆရာမများအပါအဝင် ကျောင်းသားကျောင်းသူများသည် ကျောင်းဝတ်စုံများဖြင့် အတွင်းဝင်ရုံး သို့ရောက်ရှိနေကြသည်။

စိတ်ပျက်သုန်မှုန်နေသည့် ကျောင်းသား၊ ကျောင်းသူများ၏ မျက်နှာများက အတင်း ဖိအားပေးစေခိုင်းခံရ၍ ရောက်ရှိနေခြင်းဖြစ်ကြောင်းကို သက်သေခံနေသည်။

“ ကျောင်းတွေကနေ လေ့လာရေးလာတဲ့သူတွေအများကြီးပဲ။ အခုကျောင်းက အထက (၄) အလုံက။ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်းလာရတယ်” ဟု အတွင်းဝန်ရုံး အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါကျောင်းသားများနှင့် ဌာနဆိုင်ရာမှ ဝန်ထမ်းများသည် အများပြည်သူ သယ်ယူပို့ ဆောင်ရေးမော်တော်ယာဉ် လိုင်းများမှ YBS ကားများဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့သည် ပြည်သူများအတွက် သတိရ လွမ်းဆွတ် အောက်မေ့ဖွယ်ဖြစ်သလို နေပြည်တော်အကျဉ်းထောင်ထဲတွင် အထီးကျန်စွာ နေထိုင်နေရသည့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဖခင်ဖြစ်သူကို တမ်းတနေမည်သာ ဖြစ်သည်။

ပြည်သူ့အစိုးရလက်ထဲမှ အာဏာသိမ်းထားပြီးသုံးနှစ်မြောက်ကာလ ၇၆ နှစ်ပြည့် အာဇာနည်နေ့တွင် စစ်ကောင်စီက လူအများဖြင့်စည်းကားစေရန်ကြိုးစားမှုများရှိသည်။

အတွင်းဝန်ရုံးပြတိုက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းတို့အစည်းဝေးကျင်းပရာအခန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံခေါင်းဆောင်များ၏ ဓာတ်ပုံများ၊ ကျောက်တိုင်စိုက်ထူထားသည့် အမှတ်တရနေရာများတွင် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ကျောင်းသားကျောင်းသူများဖြင့်စည်ကားစေသည်။

ထို့ပြင် ရန်ကုန်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် VR စနစ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဘဝအကြောင်းပြထားပြီး ဝင်ကြေးအခမဲ့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်ကာ နိုင်ငံအာဏာသိမ်း ယူထားသည့် သုံးနှစ်အတွင်း ယနေ့ကျရောက်သည့်အာဇာနည်နေ့တွင် မြန်မာနိုင်ငံတော် အလံကိုနိုင်ငံတဝန်း တိုင်ဝက်လွှင့်ထူနိုင်ရန်၊ ဥဩအချက် ပေးရန်အပါအဝင် သွားလာနေသည့် မော်တော်ယာဉ်များခေတ္တရပ်ပြီး ဟွန်းတီးရမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ထားသည်။

“ အရင်နှစ်တွေကလည်း ကားတွေဟွန်းတီးကြပါတယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီက ပြည်သူတစ်ရပ်လုံး ဟွန်းတီးဖို့ထုတ်ထားတော့ ကားတစ်ရာရှိရင် တစ်ရာလုံး ဟွန်းတီးရဲကြတာပေါ့” ဟု ရန်ကုန်မြို့အတွင်းနေထိုင်သူ တစ်ဦးက ဆိုသည်။

ယနေ့ကာလတွင် စစ်အာဏာရှင်ကို တွန်းလှန်းရင်း မည်သူမည်ဝါမှန်းမသိရှိလိုက်ရဘဲ သေဆုံးသွားရသည့် အာဇာနည်လူငယ်များစွာ ရှိနေသည်။ စစ်ကောင်စီသတ်ဖြတ်မှု ကြောင့် သေဆုံသွားရသည့် လူငယ် ၊ လူရွယ်များစွာရှိနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇူလိုင် ၁၉ ရက်နေ့အထိ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃၈၁၀ ဦး ရှိပြီး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အာဇာနည် ခေါင်းဆောင် ကြီးများလုပ်ကြံခံရသည့် အာဇာနည်နေ့ကို မေ့လျော့နေမည်မဟုတ်သလို စစ်အာဏာရှင်ကို တော်လှန်ရင်း တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရသည့် အာဇာနည်လူငယ်များကိုလည်း သတိရ လွမ်းဆွတ်နေမည်သာ ဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီအာဏာမသိမ်းမီက ပုံများဖြစ်ပါသည်
ပုံစာ-ဝန်ကြီးများရုံး(အတွင်းဝင်ရုံး) ၊ အတွင်းဝင်ရုံးရှိလွှတ်တော် ၊ လုပ်ကြံခံရသည့် အစည်းဝေးခန်းမ ၊ အာဇာနည်ဗိမာန်
#မေ့လျော့မည်မဟုတ်သည့် #စစ်ကောင်စီ၏ #၇၆ကြိမ်မြောက်အာဇာနည်နေ့ #သတင်းဆောင်းပါး #Ayeyarwaddy_Times