ဧရာဝတီတိုင်းမ်
ဖလမ်း ၊ ဇူလိုင်၁၉ ရက်

အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦး ငွေလဲသွားရာက ရိုက်နက်ခံရမှုဖြင့် ယမန်နေ့က သေဆုံးကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူသည် အသက် ၅၃ အရွယ်ရှိ သမီး သုံးယောက်ဖ၏ ဖခင်ဖြစ်သူ ဦးပေါင်ခိုဇမ်း (Pau Khaw Zam) ဖြစ်ပြီး ဇနီးသည်နှင့် သမီးများကို ရှာဖွေကျွေးမွေးနေသူ ဖြစ်ကာ အရိုက်ခံရသည့်အတွက် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာရရှိ၍ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

“သူတို့ ငွေလဲဖို့ သွားတာ ပမာဏလည်းများတော့ သူတယောက်တည်းမသွားဝံ့လို့ သူ့ညီကို ခေါ်သွားတာပေါ့နော်။ သူ့ကို တွေ့တဲ့ချိန်မှာ သတိမရတော့ဘူး။ သွေးတော့ ပူသေးတယ်။ ဖြစ်နိုင်ချေကတော့ ပွဲချင်းပြီးသေသွားတာဖြစ်မယ်။ သူ့ညီလည်း ဒဏ်ရာသုံးချက်တော့ရတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး” ဟု သေဆုံးသူနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူကို ဘွဲ့အီး ဆိုသည့် အမျိုးသမီးက ကားပြင်သည့် ဂွကြီးဖြင့် ဦးခေါင်းကို ရိုက်ကာ ပြင်းထန်သော ဒဏ်ရာဖြင့် အိန္ဒိယနိုင်ငံတွင်း ဇိုခေါထာရ်း (Zokhawthar) ရွာရှိ ဆေးခန်းတွင် သွားရောက်ပို့ဆောင်ခဲ့ကြောင်းနှင့် လက်ရှိတွင် တရားခံဟု ယူဆရသည့် အမျိုးသမီးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိန်းသိမ်းထားပြီး အမှုနှင့် ဆက်စပ်သူများ ရှိနိုင်သေးကြောင်း သုံးသပ်မှုများ ရှိသည်။

#အိန္ဒိယ-မြန်မာနယ်စပ် #ရိဒ်ခေါဒါရ်မြို့ #အရိုက်ခံရသည့်ဒဏ်ရာဖြင့် #အမျိုးသားတစ်ဦးသေဆုံး

#Ayeyarwaddy_Times