ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၉ ရက်
လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီ ယခုဆိုလျှင်(၇၆) နှစ်ရှိခဲ့ပြီဖြစ်သည်။ ဂဠုန်ဦးစောနှင့်အပေါင်းပါတစ်စု၏ အကြမ်းဖက် လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားစဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ အတွင်းဝန်ရုံးအတွင်း သွေးမြေခ ကျဆုံး ခဲ့ရသည်။
လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီးများ အနက် ဧရာ၀တီတိုင်းသား အာဇာနည် နှစ် ဦး၏ အတ္ထုပ္ပတ္တိအကျဉ်းကို စာဖတ်ပရိသတ်များ သိရှိစေရန် ဧရာ၀တီတိုင်းမ် သတင်းဌာနက စုစည်း၍ ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါသည်။
ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇)
ပြန်ကြားရေးဌာနဝန်ကြီး၊
ဧရာ၀တီတိုင်းသား ဒီးဒုတ်ဦးဘချိုသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေး ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ကိုး ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ဒီးဒုတ်ဦးဘချိုကို မြောင်းမြမြို့တွင် ဖခင် ဆေးဆရာကြီး ဦးဘိုးစာ နှင့် ဒေါ်မြစ်တို့က ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့(မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်) နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း လေး ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။ ဖခင်မှာ မြောင်းမြ မေခလာဆေးတိုက် မြန်မာသမားတော်ကြီးဖြစ်ပြီး မိခင်မှာ မွန်မှူးမတ်အနွယ်ဝင်ဖြစ်သည်။ ဒီးဒုတ်ဦးဘချို၏ အမည်ရင်းမှာ မောင်ဘချို ဖြစ်သည်။
မောင်ဘချိုသည် မြောင်းမြမြို့ ဆရာဦးမောင်မောင် ကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကို အထူးအောင်မြင်သဖြင့် စကောလားရှစ် (ခေါ်) ပညာသင်ဆုကို ရခဲ့သည်။ ၁၉၀၇ တွင် ရန်ကုန်မြို့၊ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာသင် ကြားရာ ၁၀ တန်းကို အထူးအောင်ကာ စကောလာရှစ် ပညာသင်ဆု ရခဲ့ပြန်သည်။ ပညာသင်ဆုရ၍ ရန်ကုန်ကောလိပ်၌ ဘီအေ အထက်တန်း သင်နေဆဲတွင် ငယ်စဉ်ကစွဲကပ်ခဲ့သည့် မျက်စိဝေဒနာကြောင့် တက္ကသိုလ်မှ နုတ်ထွက်ခဲ့ရသည်။
ဦးဘချိုသည် ကျောင်းမှနုတ်ထွက်ပြီးနောက် ၁၉၁၃ တွင် ပေါင်းတည်မြို့ အစိုးရ အထက်တန်း ကျောင်း၊ ၁၉၁၄ တွင် ဟင်္သာတအစိုးရကျောင်းတို့တွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးဘချိုသည် ကျောင်းဆရာဘ၀ဖြင့်ပင် နေရပ် ဟင်္သာတ သရဲချောင်ကို မှီ၍ “နောက်စွယ်ချောင်က တောက်တဲ့မောင်” ကလောင်ဖြင့် မြန်မာအလင်းမဂ္ဂဇင်းတွင် စာများရေးသားခဲ့သည်။
ဦးဘချိုသည် ၁၉၂၀ ပြည့်နှစ် မေလ ၂၅ ရက်တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း(ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်နံပါတ် ၇၀ နေ လှည်းလုပ်ငန်းရှင် ဦးသဲ၊ ဒေါ်မမကြီးတို့၏သမီး မလှမေနှင့် လက်ထပ်ခဲ့သည်။
ဦးဘချိုသည် လောကီ လောကုတ္တရာ နှစ်ဖြာသော စာပေ ဗဟုသုတ တို့တွင် နှံ့စပ်သူ ဖြစ်ပြီး မြန်မာ့အလင်းမဂ္ဂဇင်း၊ နှစ်ပါးကြည်ဂျာနယ်၊ ဗန္ဓုလဂျာနယ် များတွင် ကဗျာ၊ ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့ရာမှ စာနယ်ဇင်းလောကထဲ ရောက်ရှိလာခဲ့သည်။ ဒီးဒုတ်ဦးဘချိုသည် ဆေးကျမ်း၊ ဗေဒင်၊ လောကဓာတ်ပညာများကိုလည်း လိုက်စားခဲ့သည်။ မြန်မာ့သီချင်းကြီး၊ သီချင်းခံ၊ အဲ၊ အန်၊ အိုင်ချင်း၊ ဧချင်းတို့ကိုလည်း ပိုင်နိုင်စွာသီဆိုနိုင်ရုံသာမက သီချင်းကြီး၊ သီချင်းခံများကို မူမှန်အတိုင်းဖြစ်စေရန် ဂီတဝိသောဒနီကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ဂီတအရာတွင် နှံ့စပ်ကျွမ်းကျင်သဖြင့် ဂီတဖခင်ကြီး ဟုခေါ်ကြသည်။
၁၉၂၀ ပြည့်နှစ်တွင် ကျောင်းသားသပိတ်အရေးတော်ပုံကြီးပေါ်ပေါက်လာသောအခါ အစိုးရအလုပ်မှနုတ်ထွက်၍ အမျိုးသားပညာရေးလောကထဲသို့ ဝင်ရောက်ကာ ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)နှင့်အတူ ဇောက်ချလုပ်ကိုင်သည်။
မြန်မာရီဗျူး(The Burmese Review)ဂျာနယ် ကို ၁၉၂၃ ခုနှစ် ဇူလိုင်လ(၃၀) ရက်နေ့တွင်စတင်ထုတ်ဝေခဲ့ပြီး ထိုဂျာနယ်ထဲတွင် ဒီးဒုတ် အမည်နှင့် ပစ္စရလက္ခတ်ကျမ်း ဟူသောအခန်းကို အပတ်စဉ်ရေးသားလာရာမှ ဒီးဒုတ်ဦးဘချို ဟူ၍ လူသိများလာသည်။ ထို့ပြင် ဈေးဂေဇက်၊ ဆယ်လံအာဝါးအခန်း နှင့် ဒီးဒုတ်စာတိုက်ခန်း အခန်းများကို အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် တစ်ဦးတည်း ဒိုင်ခံရေးသားရာမှ ဂျာနယ်လည်းရောင်းအား တက်လာသလို ဒီးဒုတ်ဦးဘချို နာမည်ပိုကြီးလာခဲ့ရသည်။ ၁၉၂၅ တွင် ဒီးဒုတ်ဂျာနယ် ကို ထုတ်ဝေခဲ့သည်။
ဒီးဒုတ် ဦးဘချိုသည် ၁၉၃၆ ခုနှစ်တွင် ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံတော် သတင်းစာဆရာ အသင်းကြီး ဖြစ်ပေါ်ရေးကို အထူးအားပေး ဆောင်ရွက်ခဲ့သူဖြစ်သည်။
“ဒီးဒုတ်ဂျာနယ်” ကို ၁၉၃၈ခု အောက်တိုဘာ(၂၃)ရက်နေ့တွင် နေ့စဉ်ထုတ်သတင်းစာ အဖြစ်ပြောင်းလဲထုတ်ဝေခဲ့သည်။ ဒီးဒုတ်သတင်းစာသည် အမျိုးသားရေးရှုဒေါင့်မှနေ၍ ရေးသားခဲ့သဖြင့် ဘုရင်ခံလုံခြုံရေး တစ်ချက်လွှတ် ဥပဒေအရ ဦးဘချို ထိန်းသိမ်းခံခဲ့ရပြီး ထောင်ကျစဉ်ကာလအတွင်း အစာငတ်ခံဆန္ဒပြခဲ့သည်။
မြန်မာနိုင်ငံသတင်းစာများအသင်း(BJA)ပေါ်ပေါက်လာရေးအတွက်ဆော်ဩခဲ့သူဖြစ်ပြီး သတင်းစာဆရာ၊ သတင်းထောက်တို့ စောင့်ထိန်းလိုက်နာရမည့် `မိမိတို့တာဝန်၊ လွတ်လပ်ခြင်း၊ မှန်ကန်သောသတင်းကိုပေးခြင်း၊ တရားမျှတခြင်းနှင့်ဟီရိဩတ္တပ္ပတရား စောင့်ရှောက်ခြင်းများကိုလိုက်နာရမည်´ ဟူသည့် ဝတ္တရား(၅)မျိုးကို ချမှတ်ခဲ့သူ ဖြစ်သည်။
ဦးဘချိုသည် ဂျပန်ခေတ် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံလွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေးရရှိရေးကြိုးပမ်းရန်အတွက်၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဝင်ရောက်ဆောင်ရွက်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့် အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ်လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၊နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။
အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကွယ်လွန်ချိန်တွင် အသက်(၅၄)နှစ်ရှိပြီး ဇနီးဒေါ်လှမေနှင့် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်လှမေ၊ (သမီးလေးယောက်) မခင်နု၊ ၊ မခင်ပု၊ မေမေခင်၊ ခင်ခင်ဦးတို့ ကျန်ရစ်သည်။
=============================
မန်းဘခိုင် (၁၉၀၃ – ၁၉၄၇)
အလုပ်သမားရေးရာဌာနဝန်ကြီး
“ကျွန်တော်ဟာ ကျွန်တော့်လူမျိုးနဲ့ ကျွန်တော့်နိုင်ငံသားတွေရဲ့ လွတ်လပ်ရေးအတွက် အသက်ပေးရန် ဝန်မလေးပါ” (မန်းဘခိုင်)
ဧရာ၀တီတိုင်းသား မန်းဘခိုင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွား ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ကိုး ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ကို ဟင်္သာတမြို့နယ် ယုန်သလင်းရွာတွင် ဖခင် ယုန်သလင်း ရွာသူကြီး မန်းပေကုန်းနှင့် မိခင် ဒေါ်ပု တို့မှ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် (မြန်မာသက္ကရာဇ် ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း၇-ရက်) နေ့တွင် ဖွားမြင်ခဲ့ပြီး ပဉ္စမမြောက်သားဖြစ်သည်။
မန်းဘခိုင်သည် ကရင်အမျိုးသားတစ်ဦးဖြစ်ပြီး ငယ်စဉ်က ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ၁၉၂၃ ခု ဧပြီလ ၂ ရက်တွင် ယုန်သလင်းရွာမှ မန်းဘိုးညွန့်နှင့် ဒေါ်နန်းကီး တို့၏ သမီး နမ့်အေးလုံ(မအေးလုံ) ခေါ် နမ့်စိန်ကြည်နှင့် လက်ထပ်သည်။ သားသမီး ရှစ်ဦး ထွန်းကားသည်။
မန်းဘခိုင်သည် ၁၉၂၆ ခုနှစ်တွင် ယုန်သလင်းရွာရှိ ညီအစ်ကိုများစု၍ “အောင်ခင် ညီများကုမ္ပဏီ” ဟူသော အမည်ဖြင့်လုပ်ငန်းတစ်ခုထောင်ကာ ရပ်သူရွာသား များ သက်သာချောင်ချိရေး အတွက် သမဝါယမနည်းဖြင့် အရောင်းအဝယ်လုပ်ကိုင်ခဲ့သည်။
ထိုသို့အရောင်းအဝယ်လုပ်ရင်း ကလေးသူငယ်များ ကရင်ဘာသာကိုသင်ကြားနိုင်စေရန် မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံကာ ကျောင်းတစ်ကျောင်းဖွင့်၍ စီမံ အုပ်ချုပ်သည်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စများဖြင့် ရန်ကုန်သို့ မကြာခဏ ရောက်ရှိရာ ကရင်ခေါင်းဆောင်ကြီးများဖြစ်သော ဆစ်ဒနီလူနီ၊ ဆရာကြီး မန်းရွှေဘ (ဆရာရွှေဘ)တို့နှင့် တွေ့ဆုံဆွေးနွေးမိရာမှ ကရင်လူငယ်များ အသင်းကို စတင် ဖွဲ့စည်းခဲ့သည်။
မန်းဘခိုင်သည် ကရင်အမျိုးသား တိုးတက်ရေးအတွက် ဆောင်ရွက်ရင်းဖြင့် ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်း အမတ်တစ်နေရာအတွက် အရွေးခံရသည်။
၁၉၃၈-ခု မတ်လ ၂၃-ရက်နေ့တွင် ပဲခူးမြို့ သူဌေးဦးဖောက်၏ သမီးထွေး ဒေါ်ခင်နီနှင့် လက်ထပ်သည်။ မောင်စိန်ခိုင်နှင့် မမြင့်မြင့်ခိုင် သားသမီး နှစ်ဦး ထွန်းကားသည်။
၁၉၄၁ ခုနှစ်တွင် တရားရေးဌာနဝန်ကြီး စောဖေသာ၏ အတွင်းဝန်အဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၄၄ တွင် ယုန်သလင်းရှိ ကရင်လူငယ်များကိုစု၍ ဖက်ဆစ်တော်လှန်ရေးအတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။ မန်းဘခိုင်သည် ဖက်ဆစ် ဂျပန်တော်လှန်ရေး တွင်လည်း ပါဝင်ခဲ့သည်သာမက ကရင် – ဗမာ ချစ်ကြည်ရေးကိုလည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။
၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူလက်တွဲပြီး ဖဆပလ အဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ဦးလူနီလမ်း အိမ်နံပါတ် ၂ ၌ ကရင်အမျိုးသားဗဟိုအဖွဲ့(ကေစီအို) စတင် ဖွဲ့စည်းရာ မန်းဘခိုင်သည် အမှုဆောင်ကော်မတီဝင်ဖြစ်လာသည်။ ကေစီအို က ကရင်လူငယ်များကို စုစည်းပြီး ကေဝိုင်အို (ကရင်လူငယ်များအစည်းအရုံ)ကို ထပ်မံဖွဲ့စည်းသည်။ မန်းဘခိုင်သည် ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။ အတွင်းရေးမှူးမှာ သရာသာထို ဖြစ်သည်။
၁၉၄၇ ခုနှစ် ဧပြီလ ၆ ရက်တွင် ကရင်ဗဟိုအဖွဲ့ချုပ် (ကေစီအို) ကရင် လူငယ်များ အစည်းအရုံး(ကေယူအို)၊ ကရင်အမျိုးသားအစည်းအရုံး ခေါ် ဒေါကလူအဖွဲ့ (ကေအင်န်အေ) တို့ပေါင်း၍ ကရင်အမျိုးသားအဖွဲ့ချုပ် (ကေအင်န်ယူ) တည်ထောင်ရာ မန်းဘခိုင်သည် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။ ဥက္ကဋ္ဌမှာ စောစံဖိုးသင်၊ အတွင်းရေးမှူးမှာ သရာသာထို ဖြစ်သည်။
ကေအင်န်ယူအတွင်း ကရင်ပြည်နယ်နှင့်ပတ်သက်၍ သဘောကွဲလွဲရာ စောစံဖိုးသင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောစိန်တင် တို့နှင့်အတူ မန်းဘခိုင်သည် ကေအင်န်ယူမှ ထွက်ခဲ့သည်။ ကေအင်န်ယူမှာ စောဘဦးကြီး၏ ဦးဆောင်မှုနှင့် ကျန်ရစ်သည်။ ကေအင်န်ယူသည် ၁၉၄၇ ခုနှစ် ဧပြီ ၉ ရက်တွင် ကျင်းပသော တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်၍ ကေဝိုင်အိုက ဝင်ရောက်ယှဉ်ပြိုင်ရာ မန်းဘခိုင်သည် ဟင်္သာတကရင်သီးသန့် မဲဆန္ဒနယ်က တိုင်းပြု ပြည်ပြု လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် ဖဆပလ ဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။
၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လူမသမာတို့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။
ဝန်ကြီး မန်းဘခိုင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးလုံနှင့် သားသမီး ရှစ်ဦး(စချစ် ခင်ခိုင်၊ နန့်ခင်ရီခိုင်၊ စချစ်တင်ခိုင်၊ နန့်ခင်စီခိုင်၊ စချစ်ရင်ခိုင်၊ စချစ်ရှင်ခိုင်၊ စချစ်ဌေးခိုင်၊ နန့်ခင်ဌေးရီခိုင်)။ ဇနီး မခင်နီနှင့် သားသမီး နှစ်ဦး(မြင့်မြင့်ခိုင်၊ မောင်စိန်ခိုင်) တို့ ကျန်ရစ်သည်။ ။
လက်ရှိတွင် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ မြေးဖြစ်သူ မန်းဝင်းခိုင်သန်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) မှ မြန်မာနိုင်ငံ၏ ခေတ္တဒုတိယသမ္မတအဖြစ် တာဝန် ထမ်းဆောင်ရန် ခန့်အပ်မှုအရ တာဝန်စတင် ထမ်းဆောင်ခဲ့သည်။
မန်းဝင်းခိုင်သန်းသည် ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)တွင် ပြည်ထောင်စုဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ဓာတ်ပုံ-အင်တာနက်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်
#ဧရာ၀တီတိုင်းသား #အာဇာနည်ခေါင်းဆောင်နှစ်ဦး #ဒီးဒုတ်ဦးဘချို #မန်းဘခိုင် #အတ္ထုပ္ပတ္တိ #Ayeyarwaddy_Times