ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဇူလိုင်လ ၁၉ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ဇူလိုင်လ ၁၅ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်သည် မြိတ်-တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးလာရာမှ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်ကား ငါးစီးဖြင့် တပ်သားအင်အား ၁၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး သိန်းခွန်းရွာဘက်တွင် အထိုင်ချနေကာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ယခုအချိန်အထိ စစ်ကောင်စီတပ်သား ၁၀ ဦးနှင့် အထက်သေဆုံးနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ပြောသည်။
“တိုက်ပွဲကလေးရက်ဆက်တိုက်ဖြစ်နေပြီ။ မြိတ်မြို့ဖက်ကနေပြီးမောတောင်ဖက်ကိုအသွားမှာဖြစ်ပွားတာပါ။ အခုချိန်အထိ လက်နက်ကြီးတွေပစ်နေတုန်းပါ။ တိုက်ပွဲတွေပြင်းထန်လာနိုင်သေးတယ်။ မိုးလည်းဆက်တိုက်ရွာနေပါတယ်။ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ စစ်ရှောင်တွေကအခုတော့ ဥယျာဉ်ခြံတွေမှာ ယာယီနေထိုင်ကြပါတယ် ” ဟု တနင်္သာရီကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးပါတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်နေပြီး ထိတွေ့တိုက်ပွဲများကြောင့် မြိတ်မြို့ဘက်မှ နာရေးကားများကိုအသုံးပြုကာ အရပ်သားအသွင်ယူကာ စစ်အင်အားဖြည့်တင်းနေကြောင်းလည်း သိရသည်။
“သိန်ခွန်ရွာအနီးကရာဘာခြံတဲ ငါးလုံးကိုလည်း မီးရှို့ပစ်ထားခဲ့တယ်။ ရွာထဲကအိမ်တွေမှာရှိတဲ့ပစ္စည်းတွေကို ခိုးယူ စားသောက်တာတွေလုပ်နေတယ်။ သူတို့ကအိမ်တွေကိုဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေကိုပါ ယူဆောင်သွားကြတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။
ထိတွေ့တိုက်ပွဲများကြောင့် သိန်းခွန်းရွာ၊ သဲဖြူရွာ၊ ချောင်းနှစ်ပေါက်ရွာ စသည့်ကျေးရွာများမှ ဒေသခံအများအပြား စစ်ဘေးရှောင်နေရပြီး တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လအထိ ကောက်ယူရရှိထားသည့် စာရင်းအရ စစ်ဘေးရှောင် ဦးရေ ၆၀၀၀ ကျော်ရှိကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ထံက သိရသည်။
ထို့ပြင် ယခုလက်ရှိတိုက်ပွဲများဖြစ်ပွားနေသည့် ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး ခရီးသွားပြည်သူများ လုံခြုံရေးအတွက် ယာယီ ပိတ်သိမ်းထားကြောင်းကိုလည်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တနင်္သာရီ #တိုက်ပွဲ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times