ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇူလိုင်လ ၁၉ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များရောက်ရှိနေသည်ဟု ဆိုကာ ဇူလိုင်လ ၁၃ ရက်နေ့မှစတင်၍ စစ်ကောင်စီက လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ဒေသခံ ၁,၀၀၀ ကျော်မှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများတွင် PDF များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိနေသည်ဆိုကာ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းအနီး တစ်မိုင်ခန့်အကွာရှိ ပေါက်တောရွာ၊ တော်ဝိရွာ၊ ပိန်းဇလုပ်မြို့ ခမရ-၂၆၄ ခြေမြန်တပ်ရင်း စသည့်နေရာ သုံးနေရာမှ ၉၀-မမ၊ ၁၂၀-မမ လက်နက် ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အတွက် အနီးဝန်းကျင်မှ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

“စစ်တောင်း အနောက်ဘက်ကမ်းက ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်းရယ် လို့တော့ မရှိသေးပါဘူး။ ဒေသပထဝီအနေအထားအရ စစ်တောင်းအရှေ့ကို ကူးပြီး အရှေ့ရိုးမ KNU ထိန်းချုပ်ဒေသမှာတည်မှ စိတ်ချရမှာဖြစ်ပါတယ်။ အခုရာသီက မိုးရာသီဖြစ်နေတော့ လမ်းခရီးမကောင်းပါဘူး။ မိမိတို့နီးစပ်ရာ မြို့တွေ‌ကို တိမ်းရှောင် ရတာပါ။ ရန်သူလက်နက်ကြီးထားတဲ့ရွာတွေကလည်း ရှောင်ကြပါတယ်။ နေ့တိုင်း မနက်၊ ညနေ၊ ညရက်ဆက်ပစ်နေတာပါ” ဟု ညောင်လေးပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုများအပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားနေသည့် အတွက် ချုံအင်းရွာ၊ ကောက်မယ်သူရွာ၊ တောက်တာကုန်းရွာ စသည့်ရွာများမှ ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးအများစုမှာ ရှောင်တိမ်း နေထိုင်နေရကြောင်းလည်း သိရသည်။

စစ်‌ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စစ်တောင်းမြစ်ဝှမ်း အနောက်ဘက်ကမ်းရှိ ကောက်မယ်သူရွာ၊ ချုံအင်းကျေးရွာများမှ လူနေအိမ် သုံး လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံများစစ်ဘေးရှောင်နေစဉ် တခြားသောထိခိုက်ပျက်စီးမှုများ လည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ကစတင်ပြီး ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း၊ တော်ဝိကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တွေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း Spring Warriors Columnထံက သိရသည်။

ဓာတ်ပုံ – ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#ညောင်လေးပင် #စစ်ဘေးရှောင် #ဒေသခံ၁၀၀၀ကျော် #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times