ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်မှလူအင်အားနှင့်ရိက္ခာ ထပ်မံဖြည့်တင်းကာ ကျေးရွာများသို့မကြာခနစစ်ကြောင်းထိုးလုပ်ဆောင်နေကြောင်းတပ်တွင်းသတင်းအရင်းအမြစ်နှင့်ဒေသခံများထံမှသိရသည်။
ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး ပန်းမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီအမြောက်တပ်တည်ရှိနေသည့် အုန်းတောကြီးကျေးရွာနှင့် နံသာပုကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်းတို့တွင်လူအင်အား ၈၀ ဦးထက်မနည်းနှင့်ရိက္ခာများထပ်မံဖြည့်တင်းကာ စစ်ရေးလေ့ကျင့်မှုများပြုလုပ်လာကြောင်း တပ်တွင်းသတင်းအရင်းအမြစ်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။
” လူအင်အားဖြည့်နေတာမကြာသေးဘူး။တပ်သားအသစ်တွေလို့သိထားတယ်။ ပေါ်တာအဆွဲခံရတဲ့သူတွေလားမပြောတတ်ဘူး။အယောက် ၈၀ နီးပါးလောက်တော့ရှိတယ်။
အခုအခြေအနေနဲ့ တပ်ထဲကိုဘယ်သူမှကိုမဝင်တော့တာ။ ရိက္ခာကတော့ဆောင်းတွင်းဝင်တဲ့အထိ ရိက္ခာဖြည့်နေတာ” ဟု ၄င်းကပြောသည်။
စစ်ကောင်စီတပ်မှ လူအင်အားနှင့်ရိက္ခါထပ်မံဖြည့်တင်းမှုအပြင် သလဲထိုး၊ စမ်းချောင်း၊ ငှက်ပျောချောင်းနှင့် ဘုတ်ပင်ဆိပ်စသည့်နီးစပ်ရာကျေးရွာများနှင့် တောတောင်များအတွင်းသို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးရှာဖွေမှုများလုပ်ဆောင်နေကြောင်းဒေသခံများထံမှ သိရသည်။
“သလဲထိုးရွာဘက်ကတောင်ပေါ်ကို အရင်ရက်ပိုင်းကအင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးတာတွေ့ရတယ်။အခြားရွာဘက်ကိုလည်းတောင်ပေါ်ကနေတဆင့်စစ်ကြောင်းထိုးနေတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။
ငရုပ်ကောင်းတွင် ၂၀၂၂ ခုနှစ်၊ မေလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ တတိယအပတ်အထိ တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်မှ တောတောင်အတွင်းသို့ စစ်ကြောင်းထိုးမှု အကြိမ် ၁၀၀ ကျော်အထိရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ငရုတ်ကောင်းမြို့ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုးရှာဖွေ #အကြိမ်တစ်ရာကျော် #Ayeyarwaddy_Times