လွင့်ခိုင်/ ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ထိုနေ့သည် ဇူလိုင်လ ၁၉ ရက်နေ့ ဖြစ်သည်။ ရမည်းသင်းထောင်ရဲ့ သီပေါဆောင် (၁) အ ခန်းထဲက တီဗီမှာ အာဇာနည်နေ့ အထိမ်းအမှတ်သီချင်းသံတွေ ပျံ့လွင့်နေသလို အခန်းထဲက နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျေနပ်နေတဲ့ လျို့ဝှက်အပြုံး ကိုယ်စီကိုလည်း မြင်နေရပါတယ်။

ရမည်းသင်းဟာ အပူပိုင်းဒေသမို့ မိုးနည်းတယ်လို့ဆိုနိုင်ပေမယ့် ဇူလိုင် ၁၉ ရဲ့ ဝမ်းနည်း ပူဆွေးမှုပြယုတ်အဖြစ် မိုးက ဖွဲဖွဲလေး ရွာနေပါတယ်။ အာဇာနည်နေ့အခမ်းအနား အထိမ်းအမှတ် အဖြစ် နိုင်/ကျဉ်းတွေလုပ်တဲ့ အကျွေးအမွေး ရှိမယ်ဆိုတဲ့ တစွန်းတစ ကြားထားတဲ့ သတင်းတွေကြောင့် မနက်မိုးလင်း တန်းဖွင့်တာနဲ့ (၁) အခန်း ရှေ့မှာ မယောင်မလည် လာကြည့်ကြသူတွေနဲ့ ပြည့်လို့နေပါတယ်။

ထောင်ဆိုတာက အရာရာကို ထိန်းချုပ်ခံထားရပြီး ထောင်အာဏာပိုင်တွေ သဘောမတွေ့ ဘူးဆိုရင် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမှာ ရှိတဲ့နေရာပါ။ စာအုပ်ထဲမှာ ရှိနေတဲ့ ဥပဒေဆိုတာကိုတာကို ခဏမေ့ထား ထောင်ပိုင်တွေ ထောင်မှူး တွေရဲ့ စိတ်အခြေအနေနဲ့ သူတို့ရဲ့ နှုတ်ထွက်စကားက ထောင်ရဲ့ တကယ့်အရှိတရားပါပဲ။

ဒါကြောင့် ဒီလိုနေရာမှာ ရောက်နေကြသူတွေ အနေနဲ့ အာဇာနည်နေ့လို အခမ်းအနား လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေမှာတော့ ရှိနေတာ မဟုတ်ပါဘူး။

နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားတဲ့ အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်း အကျဉ်းချထားတဲ့ ကာလမို့ ပိုပြီးမလွယ်ကူတဲ့ အခြေအနေနဲ့ ဖြတ်သန်းရတာပါ။

ထောင်ထဲမှာလုပ်ရတဲ့ အာဇာနည်နေ့မို့ ကျွေးဖို့မွေးဖို့ အတွက် ဝယ်ရ၊ စီစဉ်ရတာတွေ ကအစ စိန်ခေါ်မှုရှိပါတယ်။ ထောင်ထဲမှာ ဈေးဝယ်ရတာ မလွယ်ပါဘူး။ ဒီလို အာဇာနည်နေ့ အခမ်းအနားမျိုးကို လုပ်မယ်လို့ ကြိုပြီးသတင်းပေါက်သွားရင် အတားအဆီးတွေ ရှိနိုင်တဲ့အပြင် မမျှော်လင့်နိုင်တဲ့ ဆိုးကျိုးတွေ ၊ ဒုက္ခပေးမှုတွေပါ ရှိလာနိုင်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး လျှို့ဝှက်လုပ်ကိုင်ရပါတယ်။

ထောင်ထဲမှာ လုပ်မယ့် အာဇာနည်နေ့အတွက် စိတ်တူကိုယ်တူ လူအနည်းစုတွေ စုပြီး တိုင်ပင်တဲ့အခါ ထောင်မှာအဆင်ပြေနိုင်ဆုံး အရာတစ်ခုကို ရွေးချယ်ပြီး ကျွေးဖြစ်ပါတယ်။ အဲ့ဒါကတော့ ထောင်ဈေးဘားက ဝယ်လို့ရနိုင်တဲ့ အကြော်စုံ စမူဆာနဲ့ ပြီးရင်တော့ ကော်ဖီပါပဲ။ အခြားစားစရာတွေ မှာလို့ရနိုင်ပေမယ့် ငွေကြေးကုန်ကျမှု အတွက်လည်း ပြန်ချိန်ရတာမို့ပါ။

အခန်းထဲမှာရှိတဲ့ လူ ၅၀ ကျော်အပြင် အခြားအခန်းတွေက လာမယ့် ဧည်သည်တွေနဲ့ ပေါင်းလိုက်ရင် လူ ၁၅၀ ကနေ ၂၀၀ နီးပါးအထိ ရှိနိုင်တာကြောင့် စမူဆာတွေကို ကြိုပြီးမှာဖို့ စီစဉ်ထားရပါတယ်။ တစ်ယောက်တည်းကမှာရင် ပေါက်ကြားနိုင်တာကြောင့် အဆင်မပြေမှာစိုးလို့ လူခွဲမှာရပါတယ်။

အာဇာနည်နေ့တွေမှာ ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ ပဲပြုတ်နံပြား ကို အမှတ်တရအဖြစ် ကျွေးမွေးကြပေမယ့် ထောင်ထဲရောက်နေကြသူတွေအတွက်ကတော့ စမူဆာနဲ့ ကော်ဖီကိုပဲ ရင်တဖိုဖိုနဲ့ အကျွေးအမွေး လုပ်ခဲ့ရတာပါ။

မုန့်အတွက်တော့ စမူဆာတော့ရပြီ။ လူ ၂၀၀ စာလောက်အတွက် ကော်ဖီ ဘယ်ကရမလဲ။ လွယ်ပါတယ်။ အိတ်တစ်လုံးကိုင်ပြီး တီးတိုး တီးတိုးနဲ့ အာဇာနည်နေ့ အကျွေးအမွေး အလှူခံထွက်လိုက်တာ အမျိုးအမည် တံဆိပ်မျိုးစုံနဲ့ အရောင်အသွေးစုံလင်လှတဲ့ ကော်ဖီမစ်ထုပ် မျိုးစုံ ရလာပါတော့တယ်။ အာဇာနည်နေ့ အခမ်းအနား လုပ်မယ်ဆိုတဲ့ သတင်းကြားထားတဲ့ သူအချို့ကတော့ သူတို့တက်နိုင်သလောက် ကော်ဖီမစ်ထုပ်တွေကို ထည့်ဝင်ကြတာပေါ့။

မုန့်လည်းရပြီ။ ကော်ဖီထုပ်လည်း ရပြီဆိုတော့ အရေးကြီးဆုံးဖြစ်တဲ့ ရေနွေးရ ဖို့လိုလာပါတယ်။ လူအယောက် ၂၀၀ စာလောက်အတွက် ကော်ဖီဖျော်ဖို့ အတွက်ဆိုရင် ရေနွေးက အများကြီး လိုအပ်လာပါပြီ။ လူ ၂၀၀ စာလောက်အများကြီးအတွက် ရေနွေး ရဖို့ဆိုတာ ထောင်ရဲ့မီးဖိုကြီးကပဲ ရနိုင်တာပါ။ မီးဖိုကြီးဆိုတာကလည်း တစ်ထောင်လုံးကို ကျွေးဖို့ ချက်ပြုတ်ရတဲ့နေရာဆိုတော့ အကြောင်းမတိုက်ဆိုင်ရင် မရနိုင်ပါဘူး။

ဒါကြောင့် ထောင်စကားနဲ့ ပြောရရင် ရွှေ့ရတော့တာပေါ့။ ရေနွေးရပြီဆိုတော့ ရေဆွဲတဲ့ပုံးကြီးတွေနဲ့ ရေနွေးတွေသွားဆွဲပြီး အမျိုးစုံလှတဲ့ ကော်ဖီမှုန့်တွေ စုပေါင်း ဖောက်ထည့်ကာ ကော်ဖီကို အခန်းထဲမှာရှိတဲ့ ဆိုဒ်စုံ ခွက်တွေထဲထည့်လို့ လာသမျှ ဧည့်သည်တွေကို ကော်ဖီနဲ့စမူဆာ ကျွေးကြပါတယ်။

ဒီအကြောင်းအရာတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်က ရမည်းသင်း ထောင်တွင်းမှာ ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အမှတ်တရအဖြစ် ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်။

ထောင်ထဲမှာ အခက်အခဲတွေ အများကြီးကြားထဲကနေ ဘာကြောင့် အာဇာနည်နေ့ အခမ်းအနားကို လုပ်ခဲ့ကြတာလဲဆိုရင်တော့ ဘယ်လိုအခြေအနေမှာပဲ ရောက်နေ ရောက်နေ အာဇာနည်ကြီးတွေကို သတိတရရှိနေတဲ့အကြောင်း၊ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှုနဲ့ နိုင်ငံအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ သတိရနေတဲ့ အကြောင်း ဖော်ပြချင်လို့လုပ်ကြတာပါ။

နောက်ထပ် အခြားတစ်ဖက်ကတော့ စစ်ကောင်စီဟာ ငါတို့ရဲ့ ရုပ်ကိုပဲ ဖမ်းဆီး ထောင်ချထားလို့ ရမယ်။ ငါတို့ရဲ့ စိတ်တွေကိုတော့ ထောင်ချထားလို့မရဘူးဆိုတဲ့အရာကို ပြသဖို့အတွက် ရင်ဆိုင်နေရတဲ့ အခြေအနေထဲကနေ လုပ်ဆောင်ခဲ့ကြတာပါ။

မနက်၁၀နာရီ ၃၇ မိနစ်အရောက်မှာတော့ အခန်းထဲမှာ ဖွင့်ထားတဲ့ တီဗီကနေ ဥသြသံ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ အားလုံးကရပ်ပြီး အလေးပြုကြပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံရေးကိစ္စတွေ အာဇာနည်နေ့ နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို တူရာတူရာ လူတွေစုပြီး ဆွေးနွေးရင်း အာဇာနည်နေ့ အခမ်းအနားလေးကို တတ်နိုင်သလောက် လုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်ကြပါတယ်။

ထောင်ကျရုံးရဲ့ စီစီတီဗီကနေ ကြည့်တဲ့အခါ သီပေါဆောင် ၁ အခန်းမှာ လူတွေရှုပ်နေတယ်ဆိုတဲ့ စက်ပေါက်သံကြောင့် အဆောင်မှူးနဲ့ ဒုအဆောင်မှူး လာကြည့်တဲ့အခါ လူစုခွဲပြီး သူတို့ကိုပါ ကော်ဖီနဲ့မုန့် ကျွေးလိုက်ပါတော့တယ်။

အခြားတစ်ဖက်မှာတော့ ရမည်းသင်းထောင်ရဲ့ ကျောက်ဆည်ဆောင်မှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း အဆောင်ဝန်းထဲက မြေကွက်လပ်မှာထွက်ပြီး အာဇာနည် ခေါင်းဆောင်တွေကို အလေးပြုခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာ မသိမ်းခင်က အရပ်သားအစိုးရလက်ထက်မှာဆိုရင် အာဇာနည်နေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တောရောမြို့ပါမကျန် စည်စည်ကားကား ကျင်းပပြုလုပ်ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အာဇာနည်အခမ်းအနားတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် မရှိတော့ပါဘူး။

စစ်ကောင်စီဟာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော်က အချုပ်ထောင်ထဲထည့်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည် အခမ်းအနားကိုလည်း တက်ရောက်ခွင့် ဖခင်ဖြစ်သူကို ဂါရ၀ပြုခွင့် မရခဲ့တာ သုံးနှစ်ရှိပါပြီ။

စစ်ကောင်စီက ပိတ်ပင်တားဆီးမှုတွေနဲ့အတူ ဘယ်လိုပဲ အကြောက်တရား ကြီးစိုးအောင် လုပ်နေပါစေ ပြည်သူလူထုရဲ့ ရင်ထဲ ၊ နိုင်ငံသားတိုင်းရဲ့ ရင်ထဲကနေ အာဇာနည်ပုဂ္ဂိုလ်တွေ အပေါ်ထားတဲ့ တန်ဖိုးထားမှု၊ လေးစားမှု၊ သတိရမှုတွေဟာ လျော့ပါးသွားမှာ မဟုတ်ပါဘူး။ ဒီကနေ့မှာဆိုရင်လည်း အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသူတွေဟာ သူတို့ရောက်ရာနေရာဒေသ အသီးသီးမှာ အာဇာနည်နေ့ အခမ်းအနားတွေကို ပြုလုပ်နေကြပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ကတော့ ဘယ်လိုအဟန့်အတားတွေ နဲ့ ကြုံနေရပါစေ အာဇာနည်ပုဂ္ဂိုလ်တွေကို ရောက်ရာအရပ်ကနေ သတိရအောက်မေ့ ဦးညွှတ် ဂုဏ်ပြုနေကြမှာပါလို့ ယုံကြည်မိပါတယ်။

#ရမည်းသင်းအကျဉ်းထောင် #အမှတ်တရအာဇာနည်နေ့ #ဆောင်းပါး #Ayeyarwaddy_Times