နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ရက်

ကရင်ပြည်နယ် မြဝတီမြို့ လက်ခက်တောင်အနီးတွင် လက်နက်ကြီးများ ပစ်ကူ၍ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တစ်နေကုန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်တပ်မှ အရာရှိတစ်ဦးသေဆုံးကာ အခြားအဆင့်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၇ ရက် မနက် ၇ နာရီခန့်မှ စတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ တနေကုန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ တစ်နေကုန်ပစ်ခတ်နေလို့ တိုက်ပွဲပြင်း ထန်တယ်။ စစ်ကောင်စီတပ်က အရာရှိတစ်ဦးသေတယ်။ အခြားဆင့် ငါး ဦးဒဏ်ရာရပြီး လက်နက် အချို့ကို သိမ်းဆည်းလိုက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ တို့ဘက်က တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့တယ်” ဟု ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို KNU ၊ KNLA ၊ ကော်ဘရာ စစ်ကြောင်း (၁) ၊ ကျားသစ်နက် နှင့် Federal Wings တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေ၍ ထိုင်နိုင်ငံအစိုးရသည် ၎င်းတို့၏ ထိုင်းစစ်တပ်ကို မြန်မာနိုင်ငံ နယ်စပ်အနီးတွင် လုံခြုံရေး တိုးမြင့်ချထားမှုများ လုပ်ဆောင်နေကြောင်း မြေပြင် သတင်းရင်းမြစ်များ ထံကသိရသည်။

ပုံစာ-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်ကို လုံခြုံရေးတိုးမြင့်ချထားပုံ
ပုံစာ-စစ်ကောင်စီတပ်မှသိမ်းဆည်းရမိသည့် လက်နက်ငယ်အချို့
#မြဝတီမြို့ #လက်ခက်တောင် #စစ်ကောင်စီတပ်စစ်ကြောင်း #လက်နက်ကြီးပစ်ခတ် #တိုက်ပွဲဖြစ်ပွား #Ayeyarwaddy_Times