ဧရာဝတီတိုင်းမ်
(ချင်း)၊ ဇူလိုင် ၁၉ ရက်
ချင်းပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဒေသခံ ပြည်သူ များကို နည်းလမ်းပေါင်းစုံဖြင့် ဖမ်းဆီးသတ်ဖြတ်နေပြီး ပြည်တွင်းတွင် အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်နေရသည့်အတွက် ဒေသခံများအနေဖြင့် အသက်အန္တရာယ် လုံခြုံသော မီဇိုးရမ်ပြည်နယ်ဘက်တွင်သာ နိုင်ငံရေးတည်ငြိမ်သည့်အထိ သည်းခံ နေထိုင်ကြရန် ချင်းရေးရာအဖွဲ့ချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူးဗန်ဆွီးဆန်က တိုက်တွန်းထားသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာခြင်းကြောင့် ချင်းပြည် နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ဒေသခံအရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူစုစုပေါင်း ၂၀၀ နီးပါအထိရှိလာခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)၏ ထုတ်ပြန်ချက်အရသိရသည်။
ဘယ်လောက်ပဲ အခက်အခဲကြုံနေပါစေ၊ အတတ်နိုင်ဆုံး၊ အလုံခြုံနိုင်ဆုံး အနေအထား တစ်ခုအထိရောက်အောင် သီးခံပြီးတော့ မီဇိုရမ်ဘက်ခြမ်းမှာပဲ နေထိုင်ကြဖို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာက အခုချိန်မှာ ပြန်သွားတယ်ဆိုရင် အဆင်မပြေမှုတွေ အများကြီးကြုံရပါလိမ့်မယ်။ အဆင်မပြေတာ ခြင်း အတူတူ ဒီမီဇိုးရမ်မှာက ကျွန်တော်တို့အတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိပါဘူး။ ပြည်တွင်းမှာက လူမှုနေထိုင်မှုအဆင်မပြေတဲ့အပြင် အသက်အန္တရာယ် အတွက် ၂၄ နာရီအချိန်မရွေးစိုးရိမ်နေရပါတယ်။ ဘယ်ချိန်များ ကျွန်တော်တို့နေရာကို လေကြောင်းနဲ့ လာပြီးတော့ ပစ်ခတ်မလဲ။ ဘယ်ချိန်များအကြောင်းမဲ့လာဖမ်းမလဲဆိုတဲ့ အသက်အန္တရာယ်စိုးရိမ်ပူပန်မှုကြားထဲမှာ နေရမယ့်အစား အသက်အန္တရာယ်စိုးရိမ်ဖွယ် မရှိတဲ့ ဒီမီဇိုးရမ်မှာပဲ နေထိုင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်ဗန်ဆွီးဆန်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပိုမို ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီက ယခင်ထက် လေကြောင်းပိုမို အသုံးပြုလာဖွယ် ရှိကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ထို့အပြင် ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါတဖန်အဖြစ်များလာ၍ ချင်းပြည်သူများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများလုံလောက်စွာ မရရှိခြင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့်သေဆုံးဒဏ်ရာရရှိခြင်း၊ ခိုးဆိုးလုနှိုက်များပိုမိုများပြားလာခြင်း၊ အလုပ် အကိုင်ရှားပါးခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်တွင်းတွင် နေထိုင်သည့် ချင်း ပြည်သူများက နေ့စဉ်နှင့်အမျှကြုံတွေ့နေရကြောင်း သိရသည်။
“မီဇိုးရမ်ဘက်ခြမ်းမှာလည်း စစ်ဘေးရှောင်တွေ တော်တော်အခက်ကြုံနေကြတော့ ကိုယ့်ဒေသကိုပဲ အရမ်းပြန်ချင်နေကြတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုပိုင်းတွေပေါ့။ အရင်လို စားနပ်ရိက္ခာထောက်ပံ့ မှုတွေလည်း မရကြတော့ဘူး။ အလုပ်အကိုင်လည်း အင်မတန်ခက်ခဲတယ်။ ဒါကြောင့် မိမိဒေသမှာ မလုံခြုံပေမယ့် ကိုယ့်နေရပ်ကို ပြန်ချင် နေကြတယ်”ဟု ချင်းစစ်ဘေးရှောင်အဖွဲ့အစည်းမှအဖွဲ့ဝင်အမျိုးသား တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အဓမ္မအာဏာသိမ်းယူစဉ်က ချင်းပြည်နယ်ကို လေကြောင်း တိုက်ခိုက်မှု မပြုလုပ်သေးသော်လည်း ဒေသခံပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ မြို့အဝင်/အထွက်များကိုပိတ်ဆို့ခြင်း၊ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခြင်း၊ စစ်ကြောင်းထိုး၍ လူနေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ယခင် ၂၀၂၁ခုနှစ်မှ စတင်ပြီး ချင်းပြည်သူ ခြောက်သောင်း(၆၀,၀၀၀) ကျော်သည် ပြည်တွင်း/ပြည်ပ သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။
ဓာတ်ပုံ-မီဇိုးရမ်ရောက် ချင်းစစ်ဘေးရှောင်ပြည်သူများ
#ချင်းပြည်နယ်ဒေသခံများ #အသက်အန္တရာယ်စိုးရိမ် #မီဇိုးရမ်ပြည်နယ် #နိုင်ငံရေးတည်ငြိမ် #ချင်းရေးရာအဖွဲ့ချုပ် #တိုက်တွန်း #Ayeyarwaddy_Times