ဧရာဝတီတိုင်းမ်
(မွန်)၊ ဇူလိုင်လ ၁၈ ရက်
မွန်ပြည်နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးစသသည့် မြို့နယ်အချို့တွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေပြီး သွားလာရေးခက်ခဲမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရ သည်။
မိုးရွာသွန်းများကြောင့် မုဒုံ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနှင့် သံဖြူဇရပ်မြို့နယ်ရှိ ချောင်းကူးတံတားနေရာများမှ ကားလမ်းရေကျော်မှုများကြောင့် သွားလာရေးအခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ညနေပိုင်းအချိန်အထိ မော်လမြိုင်-ရေး ကားလမ်းမကြီးနေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
“ခုက ရေးဘက်မှာက ပင်လယ်တက်ရေနဲ့ ချောင်းဖျားရေ ဆုံလို့။ ရေကြီးတယ်လို့လည်း မပြောနိူင်သေးဘူး။ မိုးက ရွာလိုက်တိတ်လိုက်ပဲ။ မိုးဇလ သတင်းအရ မိုးထပ်ကြီးရင် ရေကြီးမယ်ထင်တယ်။ ရေကြီးရင်တော့ အနိမ့်ပိုင်းအိမ်တွေကသူတွေက ဘုန်းကြီး ကျောင်းမှာသွားနေတာတို့၊ နှစ်ထပ်အိမ်ဆိုရင် အပေါ်ထပ်မှာနေတာတို့ အဲ့လိုမျိုး နေကြပါတယ်။ အခုတော့ရေးမှာ ရေမကြီးသေးဘူး။ ဟံဂံရွာမှာတော့ ရေကြီးတာ မျိုးရှိတယ်” ဟုရေးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးမြို့နယ်၊ ဟံဂံကျေးရွာ၊ မုဒုံမြို့နယ် မြို့ပေါ် ရပ်ကွက်အချို့နှင့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ပငကျေးရွာနှင့် မုဒုံမြို့နယ်ရှိ ရပ်ကွက်တစ်ချို့တွင် ရေကြီး ရေလျှံမှုများဆက်လက် မြင့်တက်လာသဖြင့် ကူညီပြောင်းရွှေ့မှုများကို လုပ်ဆောင်ရှိ နေကြောင်းလည်း ဒေသခံပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့များထံက သိရသည်။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေအားအလွန်ကောင်းနေ သည့်အတွက် မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး မွန်ပြည်နယ်တွင် လည်း မိုးသည်းထန်စွာရွာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မွန်ပြည်နယ် #ရေး #မုဒုံ #သံဖြူဇရပ် #ရေကြီး #မိုးရွာ #Ayeyarwaddy_Times