ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၈ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ လွှတ်တော်ဝန်ကြီးများအိမ်ရာ ၊ စစ်ကောင်စီ၏ နယ်စပ်ရေးရာရုံးဌာန နှင့် စစ်ကောင်စီတပ်ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(LLPDF) တပ်ဖွဲ့ထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက် ည ၁၁ နာရီခန့်အချိန်က ထားဝယ်မြို့ရှိ တိုင်းလွှတ်တော် ဝန်ကြီးများ အိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် ထားဝယ်-လောင်းလုံးကို ဆက်သွယ်ထားသည့် ကမျောကင်းတံတားအနီးတွင် ကင်းပုန်းချထားသည့် စစ်ကောင်စီတပ်များကို ၈၁-မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ နေရာ သုံးနေရာကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။အခု ပစ်ခတ်တိုက်ခိုက်တာက ဒုတိယအကြိမ်ပေါ့။ အားလုံး လက်နက်ကြီး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခဲ့ပါတယ်။ နောက်ထပ်လည်း စစ်ရေးကို ပိုပြီးမြှင့်တင်လုပ်ဆောင်သွားဖို့ ရှိတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ပြောချင်တာက စစ်ကောင်စီရုံး ၊ စခန်း၊ သူတို့ရဲ့ ကားနဲ့ ဆိုင်ကယ်တွေနားမှာ နီးကပ်စွာသွားလာခြင်းမပြုလုပ်ကြဖို့ကို ပြောချင်ပါတယ်” ဟုလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်း က ဧရာဝတီတိုင်းကိုပြောသည်။
ထိုသို့ ၈၁-မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် ဝန်ကြီးအိမ်ရာအတွင်းသို့ သုံး လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြင်တွင် နှစ်လုံး၊ နယ်စပ်ရေးရာဌာနရုံးတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ ကမျောကင်းတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင် စီတပ်များရှိရာသို့ ပစ်ခတ်ရာတွင် လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကိုအုန်းအုန်းက ဆက်လက် ပြောကြားသည်။
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အတိအကျကိုမူ မသိရှိရသေးကြောင်း LLPDF က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူး ပြောက်ကျားတပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ ညပိုင်းကလည်း ထားဝယ်မြို့ရှိ ဝန်ကြီးများအိမ်ရာနှင့် ကမျောကင်းတံတားရှိ စစ်ကောင်စီတပ်သားများကို ၈၁ မမ လက်နက်ကြီးများဖြင့် လောင်းလုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-LLPDF
#ထားဝယ်မြို့ပေါ် #ဝန်ကြီးများအိမ်ရာ #နယ်စပ်ရေးရာရုံး #စစ်ကောင်စီတပ်ကင်းပုန်း #လက်နက်ကြီးဖြင့် #ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times