ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် ဇူလိုင်လဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်သားများက မြစ်ချောင်းများအထိ ကင်းပတ်မှုများ ပိုမိုပြုလုပ်လာကြောင်း ‌ဒေသခံများထံမှ သိရသည်။

တော်လှန်ရေးအင်အားစုများ ရောက်ရှိလာသည်ဟု အကြောင်းပြကာ ဇူလိုင်လ ဒုတိယပတ်ကစပြီး စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းကာ ကုန်းကြောင်းနှင့် ရေကြောင်းကပါ ကင်းပတ်မှုများပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများမှ ပြောသည်။

“မြို့နယ် ထွေအုပ်ရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာအင်အား ၆၀ လောက်စစ်တပ်တွေထပ်ရောက်လာတယ်။ တာကွေ့က အမှတ် ၉၀၅ အင်ဂျင်နီယာတပ်ရင်းထဲကိုလည်း အင်အား ၅၀ လောက်ဖြည့်ထားတယ်။ လူတွေကတော့လူအသစ်တွေများတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထို့အပြင် ညောင်တုန်းမြို့ပေါ်ရှိ ရပ်ကွက်နေရာအလိုက်အပါအဝင် ပန်းလှိုင်မြစ်နှင့်ဧရာဝတီမြစ်တလျှောက်တွင် ဇူလိုင်လ ၉ ရက်နေ့ကစပြီး နေ့ရောညပါ ကင်းပတ်မှုများလုပ်ဆောင်လာကြောင်း မျက်မြင်ကြုံတွေ့ရသည့်ဒေသခံများမှ ပြောသည်။

” စစ်တပ်တွေအင်အားဖြည့်တာတွေ့တယ်။ အခုတလောရွာဘက်ကိုဆင်းတုန်းကတွေ့တာ။သိပ်မကြာဘူး မြို့ထဲဘက်ကိုသွားရင် လည်း ဆိုင်ကယ်စစ်ရင်လည်းစစ်တပ်တွေလည်းတွေ့လာတယ်။ အမှတ် ၈ ရပ်ကွက်နဲ့ကမ်းနားလမ်းဘက်မှာ စစ်တပ်စပိဘုတ်ပုံစံ လေးစီးလောက်ရောက်နေတယ်။မြို့ထဲမှာဆိုင်ကယ်နဲ့ကားနဲ့ပတ်တယ်။ဧရာဝတီမြစ်ဖကနဲ့ပန်းလှိုင်မြစ်ထဲကို စစ်တပ်က စပိဘုတ်တွေနဲ့ နေ့ရောညပါလိုက်လှည့်နေတာတွေ့ရတယ်” ဟု ညောင်တုန်းမြို့တွင်နေထိုင်သူတစ်ဦးမှဆိုသည်။

ညောင်တုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်အတွင်း မြို့နယ်ကရင်စာပေယဥ်ကျေးမှုတွဲဖက်အတွင်းအရေးမှူး စမြကြီးနှင့်ညောင်တုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(Nyaungdon PDF)တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင်လူငယ် ၂၀ ဦးထက်မနည်းကိုစစ်ကောင်စီမှဖမ်းဆီးခဲ့ကာ စမြကြီးနှင့်​ညောင်တုန်း PDF အဖွဲ့ဝင်လူငယ်တစ်ဦးကို အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

ထို့အပြင် ညောင်တုန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ညောင်တုန်း PDF) အဖွဲ့နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး ဒေသခံနေအိမ် ၅ လုံးချိတ်ပိတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

#ညောင်တုန်းမြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ် #‌ကင်းပတ်မှုများပြုလုပ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times